Skip to main content

အရေးပေါ်အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျား၊ မ ရေးရာ ထည့်သွင်းစဉ်းစားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် သြဂုတ် ၅

သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများကျရောက်ချိန်၌ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကဲ့သို့ ထိခိုက်လွယ်အုပ်စုများမှာ စိန်ခေါ်မှုများနှင့် ပိုမိုကြုံတွေ့ရပြီး အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအားလုံးအတွက် တန်းတူအကူအညီပေးသည့် ယေဘုယျအမြင်တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ကျား၊ မ ကွဲပြားမှုအပေါ် အခြေခံသည့် လိုအပ်ချက်များကို သေချာခွဲခြားစိတ်ဖြာ တုံ့ပြန်ဆောင်ရွက်သည့်စနစ် (Gender-responsive approach) ကို ပြောင်းလဲကျင့်သုံးရန် လိုအပ်ကြောင်း အရေးပေါ်အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျား၊ မရေးရာ ထည့်သွင်းစဉ်းစားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၄ ရက်မှ ၆ ရက်အထိ နေပြည်တော် Hotel Max ၌ ကျင်းပလျက်ရှိပြီး အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် ၄၀ ဦး တက်ရောက်လျက်ရှိသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်းတွင် “အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေ”ဆိုင်ရာ ဦးစားပေးနယ်ပယ်ကို ထည့်သွင်းရေးဆွဲထားသကဲ့သို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကိုလည်း စနစ်တကျဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အရေးပေါ်အခြေအနေနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ကျား၊ မ ရေးရာကို ထည့်သွင်းစဉ်းစားနိုင်ခြင်းအားဖြင့် ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ ရပ်ရွာအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းများ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်များတွင် ကျား၊ မရေးရာကို အလေးထားချဉ်းကပ်ဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းဆောင်ရွက်နေသူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဘေးအန္တရာယ်တုံ့ပြန်ရေး လုပ်ငန်းစဉ်တိုင်း၌ ကျား၊ မရေးရာရှုထောင့် (Gender Lens) ကို ထိရောက်စွာ ထည့်သွင်းအသုံးချနိုင်ရေးအတွက် ဆွေးနွေးဖလှယ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်နှင့် ဒေါက်တာသန့်ဇော်လွင်၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်