ရန်ကုန် ဩဂုတ် ၆
ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ်မြို့၌ ကျင်းပပြုလုပ်မည့် Esports Nations Cup 2026 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု Team Myanmar MLBB အသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
Team Myanmar MLBB အသင်းသည် ပြည်တွင်း MLBB ပြိုင်ပွဲများတွင်ပြသခဲ့သည့် စွမ်းဆောင်ရည်များနှင့် နိုင်ငံတကာပြိုင်ပွဲများမှ ရရှိခဲ့သော ENC Ranking Points အမှတ်များကြောင့် Esports Nations Cup 2026 ပြိုင်ပွဲသို့ တိုက်ရိုက်ဖိတ်ကြားမှု (Direct Invitation) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)မှ သိရသည်။
အဆိုပါ Esports Nations Cup 2026 ပြိုင်ပွဲကြီးကို လာမည့် နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ နိုင်ငံပေါင်း ၃၂ နိုင်ငံပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း (၁,၅၀၀,၀၀၀ USD) သတ်မှတ်ထားသဖြင့် ကမ္ဘာ့အဆင့်ထိပ်တန်း Mobile Esports ပြိုင်ပွဲကြီးများအနက်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံသည် ENC MLBB Ranking System တွင် ရမှတ် (၇၆၀၀) မှတ်ဖြင့် ကမ္ဘာ့အဆင့် (၃) နေရာ၌ ခိုင်မာစွာရပ်တည်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ Esports Nations Cup 2026 သို့ တိုက်ရိုက်ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MESF
