နေပြည်တော် ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ တာမိုင် (၂၅/၃) တွင် တာတမံနိမ့်ကျမှု ဖြစ်ပေါ်ခဲ့ရာ ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့် ရေနက်ရေစီးကြောင်း ပိတ်ဆို့နိုင်ရေးလုပ်ငန်းများကို သောင်တူးအထောက်အကူပြု ရေယာဉ်နှစ်စင်း၊ Steel Sheet Pile ရိုက်သည့် ရွှေစင်ကြယ်သုံးစက်ရေယာဉ်၊ Steel Sheet Pile ပစ္စည်းများ သယ်ယူလာသည့် ရွှေစင်ကြယ်ငါး စက်ရေယာဉ်၊ Geo Bag များချသည့် ဒဂုန်စာမရီရေယာဉ်၊ မြဟန်တိုး သဲလှေအပါအဝင် သဲစုပ်စက်လှေ ၁၄ စင်း၊ ပန်းတာလက်ဝဲ/လက်ယာ ရေတိုက်စားမှုကာကွယ်ရန် တုတ်တန်းရိုက် သဲအိတ်ချခြင်းအတွက် လူအင်အား ၃၅၈ ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်နေမှုကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ် ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် သွားရောက်ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိသည်။
ထိုရေတိုက်စားမှုလျော့ကျစေရန် Geo Bag (ကမ်းပြိုကာကွယ်ရေးသုံး ပိတ်စအိတ်များ) ချခြင်း၊ Geo Bag ဖြင့် ရေလွှဲရေကာပြုလုပ်ခြင်း၊ တာတမံရေထိမျက်နှာပြင်လျှောစောက်အား Geo Textile အစများ၊ Geo Bagများဖြင့် ကာကွယ်ခြင်းတို့အပြင် ရေနက်ရေစီးလမ်းကြောင်းအား ဆက်လက်ပိတ်ဆို့ နိုင်ရေးအတွက် သဲအပြည့်ဖြည့်ထားသော Geo Bag အိတ်ကြီးများနှင့် သဲအိတ်များကို နိုင်လွန်ပိုက်ကြိုးဖြင့် စုစည်း၍ ရေယာဉ်များ၊ သဲစုပ်သင်္ဘောများဖြင့် နေရာချခြင်းဖြင့်လည်းကောင်း၊ ရေစီးလမ်းကြောင်း တားဆီးနိုင်ရေး Steel Sheet Pile ရိုက်ခြင်းဖြင့်လည်းကောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ နည်းပညာကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နယ်မြေခံတပ်မတော်သားများ၊ မီးသတ်အဖွဲ့ဝင်များနှင့်အတူ ပေါင်းစပ်ညှိနှိုင်းအရှိန် အဟုန်မပျက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆောက်လုပ်ရေးပစ္စည်းများ၊ Geo Bag အိတ် များ ဆက်လက်စုဆောင်းပြီး ရေစီးကြောင်းကိုအမြန်ဆုံးပိတ်ဆို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
