Skip to main content

လေးမျက်နှာမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် (၅) ခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၈၃ ရွာ၊ ဟင်္သာတမြို့နယ် ၃၃ ရွာ၊ ရေကြည်မြို့ပေါ်ရပ်ကွက် ၁ ခု၊ ပတ်ဝန်းကျင် ကျေးရွာ ၁၀ ရွာနှင့် ကျုံပျော် မြို့နယ် ၄ ရွာ စုစုပေါင်း မြို့ပေါ် ရပ်ကွက် ၆ ခုနှင့် ကျေးရွာ ၁၃၀ သို့ ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိသည်။

ထိုသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို လေးမျက်နှာမြို့နယ်တွင် ၁၃ ခု၊ ဟင်္သာတ မြို့နယ်တွင် ၄ ခု၊ ရေကြည်မြို့နယ်တွင် ၆ ခုနှင့် ကျုံပျော်မြို့တွင် ၁ ခု ဖွင့်လှစ်ကာ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပစ္စည်းများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြစ်ရေတိုက်စားပြိုကျ မှုမှကာကွယ်ရန် တာခြေထောက်ခြင်းအဖြစ် ကမ်းထိန်းအိတ်များချခြင်း၊ ရေရှိန်တားပြုလုပ်ခြင်း၊ ရေကာတာ တာပေါင်မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်