Skip to main content

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက မီဒီယာများ၏မေးမြန်းမှုများ ဖြေကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မေး။   ။        ပထမဆုံးအနေနဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ အဓိက ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေက ဘာတွေဖြစ်မယ်ဆိုတာ သိပါရစေ။

ဖြေ။ ။        နိုင်ငံတော်သမ္မတကြီးရဲ့ ထိုင်းခရီးစဉ်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ခဲ့ပါတယ်။ ယာယီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့လည်း တွေ့ခဲ့ပါတယ်။ စီးပွားရေးဖိုရမ်တက်ရောက်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ဒါကတွေ့ဆုံတဲ့သူတွေပါ။ နိုင်ငံတော်သမ္မတ ကြီးနဲ့ ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံတဲ့အချိန်မှာ နှစ်နိုင်ငံရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှုနဲ့ယုံကြည်မှုကို မြှင့်တင်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ခါ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ နယ်စပ်ဒေသကုန်သွယ်ရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး ကိစ္စတွေ ဒါတွေကိုလည်း သေချာဆွေးနွေးခဲ့ပါတယ်။

နယ်စပ်ဒေသမှာဖြစ်ပေါ်နေတဲ့ အွန်လိုင်းလောင်းကစားကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ လူကုန်ကူးတာတွေ၊ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ဒီကိစ္စတွေကိုပူးပေါင်းပြီး အမြစ်ပြတ်အောင်တိုက်ဖျက်ဖို့ ကိစ္စတွေကို နှစ်ဖက်စလုံးက အလေးထားပြီးတော့ ဆွေးနွေးခဲ့ပါတယ်။

သမ္မတကြီး အလေးထားဆွေးနွေးခဲ့တာက Myanmar Migrant Worker တွေ ကိစ္စပါ။ ကျွန်မတို့ နိုင်ငံက Migrant Worker လေးသန်းလောက် ရှိတယ်လို့ဆိုပါတယ်၊ Migrant Worker တွေ တရားဝင်ရပ်တည်ခွင့်၊ သူတို့အတွက် လူမှုဘဝလုံခြုံ စိတ်ချရမှုကိုလည်း အလေးထားပြီး ကူညီစောင့်ရှောက်ပေးဖို့၊ ဥပဒေဘောင်အတွင်းကနေ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေရဖို့အတွက် နိုင်ငံတော်သမ္မတကြီးက လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံရာမှာ၊ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ အလေးထားပြီး ဆွေးနွေးခဲ့ပါတယ်။

မေး။   ။        မြန်မာနိုင်ငံနဲ့ အာဆီယံဆက်ဆံရေး အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်ဆိုတာလည်း သိပါရစေ။

ဖြေ။ ။        ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်တဲ့နေရာမှာ ဝန်ကြီးချုပ်နဲ့တွေ့တယ်။ တွေ့တဲ့နေရာမှာ နှစ်နိုင်ငံကိစ္စတွေ ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ နယ်နိမိတ်အားဖြင့် ကီလိုမီတာ ၂၄၀၀ ကျော် ထိစပ်နေပါတယ်။ တစ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ကိစ္စတွေဟာ တစ်နိုင်ငံကို အကျိုး သက်ရောက်မှုရှိပါတယ်။ နှစ်နိုင်ငံကြားမှာ ဖြေရှင်းရမယ့် အခက်အခဲတွေ၊ ပြဿနာတွေ ဒါတွေအားလုံးကို ပူးပေါင်းဖြေရှင်းမယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ အာဆီယံနိုင်ငံတွေကိုပါ အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်မို့ ဒီခရီးစဉ်ဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား ကိစ္စသာမဟုတ်ဘဲ အာဆီယံအတွက်ကိုလည်း အကျိုးသက်ရောက်မှုရှိတဲ့ ခရီးစဉ်လို့ ပြောလို့ရပါတယ်။

မေး။             ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အတွက် ဘယ်လိုမျှော်လင့်ချက်တွေရှိလာနိုင်မလဲဆိုတာ သိပါရစေ။

ဖြေ။ ။        ခုနက ကျွန်မပြောခဲ့သလို ထိုင်းမှာ မြန်မာလုပ်သား လေးသန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း ဝန်ကြီးချုပ်နဲ့ တွေ့တဲ့နေရာမှာ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့တဲ့နေရာမှာ မြန်မာနိုင်ငံက Migrant Worker တွေ ထိုင်းနိုင်ငံမှာ တရားဝင်ရပ်တည်ခွင့်ရဖို့အတွက် အစိုးရချင်း ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ပါတယ်။ နောက်တစ်ခုက အလုပ်သမားတွေကို ဥပဒေဘောင်အတွင်းကနေ တရားဝင်စောင့်ရှောက်ပေးဖို့အတွက် မေတ္တာရပ်ခံခဲ့တာကို ကျွန်မတို့ကြားခဲ့ရပါတယ်။

နောက်တစ်ခုက ထိုင်းမှာရောက်နေတဲ့ ကျွန်မတို့နိုင်ငံသားတွေ၊ သူတို့နဲ့ပတ်သက်ပြီး အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ အလုပ်သမားခန့်ထားရေးကိစ္စကိုလည်း MoU နှစ်ခု ထိုးခဲ့ပါတယ်။

မေး။             ။        အာဆီယံအသိုက်အဝန်းအတွက် မြန်မာ- ထိုင်း ပူးပေါင်းဆောင်ရွက်မှုက ဘယ်လိုအထောက်အကူဖြစ်စေပါသလဲရှင့်။

ဖြေ။           ။        တကယ်တော့ ဒီခရီးစဉ်က အာဆီယံအဖွဲ့ဝင် နိုင်ငံအနေနဲ့ အပြုသဘောဆောင် တဲ့ထိတွေ့ဆက်ဆံမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်လိုကြောင်းပြတဲ့ ခရီးစဉ်ပါ။ အာဆီယံထဲက လာအိုနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့တယ်။ အာဆီယံနိုင်ငံထဲမှာ ထိုင်းကတော့ ဒုတိယအကြိမ်ပါ။ နောက်ပိုင်းမှာလည်း အာဆီယံထဲက နိုင်ငံတွေကို သွားဖို့အစီအစဉ်ရှိပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ In touch ဖြစ်ချင်ပါတယ်။ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ချင်ပါတယ်၊ နဂိုအတိုင်းပဲ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်ဆိုတာကို ပြသတဲ့ခရီးစဉ်ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်မတို့နိုင်ငံရဲ့ လက်ရှိအခြေအနေကို ဒေသတွင်းနိုင်ငံတွေက ပိုမိုနားလည်လာဖို့၊ အပြန်အလှန်ယုံကြည်လာဖို့ကို ပြသနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ရှည်လျားစွာဆက်စပ်နေတယ်။ မြေပြင်၊ ရေပြင် ဆက်စပ်နေတယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံရဲ့ အခက်အခဲတွေ၊ ကြုံတွေ့နေရတဲ့၊ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ထိုင်းနိုင်ငံက သိပါတယ်။ စိန်ခေါ်မှုတွေကို နားလည်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ကျွန်မတို့နိုင်ငံကို အာဆီယံအတွင်းမှာ နဂိုပုံမှန်အတိုင်းပါဝင်ဖို့၊ လှုပ်ရှားဖို့အတွက်ကိုလည်း အပြည့်အဝထောက်ခံသွားမယ်၊ ကူညီသွားမယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်တွေဟာ အာဆီယံမှာ ပုံမှန်အတိုင်းပြန်ပြီးပါဝင်လာဖို့၊ အာဆီယံအသိုက်အဝန်း တည်ဆောက်နိုင်ဖို့အတွက် အများကြီးအထောက်အကူပြုတဲ့ ခရီးစဉ်လို့ ဆိုနိုင်ပါတယ်။

မေး။             ။        နယ်စပ်ဖြတ်ကျော် မီးခိုမြူငွေ့ကိစ္စ၊ မြစ်ရေ ညစ်ညမ်းမှုကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရှိရတဲ့အတွက် ဆွေးနွေးခဲ့မှု အခြေအနေကို သိပါရစေ။

ဖြေ။             ။        အစည်းအဝေးမှာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ကိစ္စကို ဆွေးနွေးခဲ့တယ်။ နောက်တစ်ခုက မြစ်ရေထဲမှာ Arsenic ပါဝင်မှု အချိုးအစားမြင့်တယ်၊ ထိုင်းပြည်သူတွေက စိုးရိမ်ပူပန်နေတယ် ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး သမ္မတကြီးနဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတာက အခုမှ မဟုတ်ပါဘူး။ ၂၀၂၅ ခုနှစ်ကတည်းကနှစ်နိုင်ငံပူးပေါင်းပြီး ဆောင်ရွက်နေတာပါ။ ရှမ်းပြည်နယ် အရှေ့ပိုင်းက နမ့်ခုတ်မြစ်၊ အဲဒီမြစ်က ကျွန်မတို့နိုင်ငံကနေ ထိုင်းနိုင်ငံကို စီးဝင်သွားတာဖြစ်ပါတယ်။ ဒီမြစ်ထဲမှာ Arsenic ပါဝင်မှုသည် ထိုင်းကသတ်မှတ်ထားတဲ့ သောက်ရေထဲမှာပါဝင်ရမယ့် သတ်မှတ်ချက်နှုန်းထက်မြင့်နေတယ်။ WHO က သတ်မှတ်တဲနှုန်းထက်မြင့်နေတယ်၊ အဲဒါကို ထိုင်းပြည်သူတွေက စိုးရိမ်တယ်ဆိုပြီး သတင်းတွေထဲမှာ တွေ့ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ၂၀၂၅ ခုနှစ်ကတည်းကစပြီး နမ့်ခုတ်မြစ်ထဲမှာ ကျွန်မတို့တိုင်းတာမှုတွေ ဆောင်ရွက်ခဲ့တယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လကလွဲလို့ ကျန်တဲ့လတွေအကုန်လုံးသည် WHO ရဲ့ သတ်မှတ်ချက်ရော၊ ထိုင်းနိုင်ငံရဲ့ သတ်မှတ်ချက် 0.01 mg per liter အောက်မှာပဲ ရှိနေတာကို တွေ့ရပါတယ်။ ဇူလိုင်လနဲ့ ဩဂုတ်လမှာတော့ WHO ရဲ့ သတ်မှတ်ချက်ထက် အနည်းငယ်မြင့်နေတာကို တွေ့ရပါတယ်။ သို့သော်လည်း ကျွန်မတို့နိုင်ငံရဲ့ သတ်မှတ်ချက်က 0.05 ဖြစ်တဲ့အတွက် ကျွန်မတို့ နိုင်ငံရဲ့ သတ်မှတ်ချက်ထက် မကျော်တာကို တွေ့ရပါတယ်။

ဒီကိစ္စကို ကျွန်မတို့အလေးထားပြီး ဆွေးနွေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နယ်စပ်ဖြတ်ကျော် ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ လုပ်ငန်းလမ်းညွှန်၊ ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့ဆီက ဝန်ကြီးဌာနနဲ့ ထိုင်းကဝန်ကြီးဌာနနဲ့ ပူးတွဲပြီးတော့ MoU ထိုးခဲ့ပါတယ်။

မေး။   ။        မြန်မာ-ထိုင်း နှစ်နိုင်ငံစီးပွားရေးဖိုရမ်ကျင်းပမှုကနေ နှစ်နိုင်ငံအတွက် ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲ။

ဖြေ။             ။        ထိုင်းမှာ မြန်မာ-ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ ဆိုပြီး ဖိုရမ်ကြီး ကျင်းပခဲ့ပါတယ်။ ဒီဖိုရမ် မှာ ကျွန်မတို့ မြန်မာနိုင်ငံက နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံက ဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ မြန်မာနဲ့ ထိုင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ၇၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ကျွန်မတို့နိုင်ငံမှာ ထိုင်းအနေနဲ့ ကုန်သွယ်မှုမြှင့်တင်ဖို့၊ ရင်းနှီး မြှုပ်နှံမှုတွေ မြှင့်တင်ဖို့အတွက် ဘယ်လိုအခွင့်အလမ်းတွေရှိတယ်၊ ဘယ်နယ်ပယ်တွေမှာ လာရောက်ရင်းနှီး မြှုပ်နှံနိုင်တယ်၊ ကျွန်မတို့ မြန်မာနိုင်ငံဘက်က ဘာတွေဆောင်ရွက်ပေးမယ် ဆိုတာတွေကို သမ္မတကြီးကိုယ်တိုင် ရှင်းပြခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ကလည်း လက်ရှိကုန်သွယ်မှု ပမာဏကနေ ၁၂ ဘီလီယံအထိ တိုးမြင့်သွားအောင် ဆောင်ရွက်သွားမယ်ဆိုပြီးတော့ အခမ်းအနားမှာ ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ ဒီဖိုရမ်မှာ အစိုးရနှစ်ဖက် ပါပါတယ်၊ ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ပါပါတယ်၊ Government Sector ၊ Private Sector ပေါင်းစပ်ပေးတဲ့၊ ထိတွေ့ပေးတဲ့ ပလက်ဖောင်းတစ်ခုလို့လည်း ဆိုလို့ရပါတယ်။ ဒါ့အပြင် နှစ်ဖက်အစိုးရရဲ့ မူတွေ၊ လိုလားချက်တွေကို Private Sector က သိရှိနားလည်ပြီးတော့ ဘယ်လိုပါဝင်ပြီး ဆောင်ရွက်နိုင် မလဲဆိုတဲ့ အနေအထားတစ်ခုကို ဒီကနေအကျိုးကျေးဇူးရရှိခဲ့ပါတယ်။

ဆွေးနွေးခဲ့တဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် မြန်မာ-ထိုင်း နှစ်နိုင်ငံသာမကပါဘူး။ အာဆီယံဒေသတွင်းရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုပါ အများကြီးအထောက်အကူပြုမှာ ဖြစ်ပါတယ်။

မေး။             ။        ထိုင်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ နိုင်ငံတော်သမ္မတကြီး ထိုင်းလွှတ်တော်ကို ရောက်လာတဲ့အချိန်မှာ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ဆန္ဒပြမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ။             ။        ထိုင်းအမျိုးသားလွှတ်တော ဥက္ကဋ္ဌနဲ့ တွေ့ဖို့အတွက်သွားပါတယ်။ အဲဒီအချိန်မှာအဲဒါကို မသိလိုက်ပါဘူး။ ကျွန်မလည်းပါပါတယ်၊ ဒါပေမဲ့ သတင်းတွေ လိုင်းပေါ်မှာတက်လာတာ တွေ့ရပါတယ်။ နောက်မှပြန်ကြည့်လိုက်တော့ ထိုင်းကလွှတ်တော်အမတ်တစ်ယောက် လွှတ်တော်အပြင်ဘက်မှာပါ၊ အထဲမှာမဟုတ်ပါဘူး၊ ဆန္ဒပြသွားတယ်ဆိုတဲ့ ပုံစံလေးကို ဗီဒီယိုထဲမှာ တွေ့လိုက်ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြောရရင် ထိုင်းနိုင်ငံက ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို အပြည့်အဝကျင့်သုံးတဲ့၊ လိုက်နာတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရကလည်း လွှတ်တော် အမတ်တွေ၊ ပြည်သူပြည်သားတွေ အားလုံးသည် သူတို့ရဲ့ ဆန္ဒတွေကို လွတ်လပ်စွာဖော်ထုတ်ပိုင်ခွင့် ရှိပါတယ်။ ကျွန်မလည်း ဒီဗီဒီယိုလေးကြည့်လိုက်ရပါတယ်။ ဒီဟာက သူရဲ့ဆန္ဒကို လွတ်လပ်စွာဖော်ထုတ်တယ်လို့ပဲ မှတ်ယူပါတယ်။ အဲဒီမှာတွေ့လည်းတွေ့ကြမှာပါ။ ကြိုနေတဲ့သူတွေအများကြီးပါ။ ဆန္ဒပြတဲ့သူက တစ်ယောက်တည်းသာဖြစ်ပါတယ်။ အများက လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ ကြိုဆိုနေကြသလို မနှစ်သက်တဲ့သူကလည်း သူရဲ့သဘောဆန္ဒကို ဖော်ထုတ်တယ်လို့ပဲ မှတ်ယူပါတယ်။

သတင်းအဖွဲ့