ကျိုင်းတုံ ဩဂုတ် ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် လွိုင်မွေမြို့ရှိ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံစာရင်းဝင် လွိုင်မွေစာတိုက်ကို ယနေ့နံနက်ပိုင်းတွင် ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်ခဲ့ကြောင်း သိရသည်။
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ကြေးပြားကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လွိုင်မွေနှစ်တစ်ရာအိမ် (နယ်ခြားဝန်နေအိမ်)၊ ကျိုင်းတုံမြို့ဗုဒ္ဓဥယျာဉ်နှင့် ဗုဒ္ဓဥယျာဉ်အတွင်းတည်ရှိသော သီလဓမ္မဆေးရုံ၌ ပြည်သူများ ဆေးကုသမှုခံယူနေသည့် အခြေအနေ၊ ဒေသတွင်း ခရီးသွားလုပ်ငန်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ-လာအိုနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အာရှလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် လာအို-မြန်မာ ချစ်ကြည်ရေးတံတား (ကျိုင်းလပ်တံတား) ကို ကြည့်ရှုစစ်ဆေးပြီး နယ်စပ်ဖြတ်ကျော် ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရေး ဆောင်ရွက်ရန်မှာကြားသည်။
အလားတူ ယမန်နေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ဟောင်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ငမ်ဖမြို့ရိုးတူးဖော် သုတေသနပြုခြင်းလုပ်ငန်း၊ RCM ဘုရားကျောင်းဝင်းအတွင်းရှိ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံများနှင့် ကျိုင်းတုံမြို့၏ အထင်ကရ ခရီးသွားဆွဲဆောင်ရာ နေရာများဖြစ်သည့် ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ထားရှိသော မဟာမြတ်မုနိဘုရားနှင့် ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီးတို့ကို သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေများပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ စိန်မေရီအထက်တန်းကျောင်းခေါ် အထက(၂) ချယ်ရီဆောင် ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ခြင်းအခမ်းအနားသို့တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်ခြင်းသည် သမိုင်းတန်ဖိုးကို ပိုမိုထင်ရှားစေမည့်အပြင် အမှတ်တရ အမွေအနှစ်တစ်ရပ်အဖြစ် ရေရှည်တည်တံ့စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ရက်သတ္တရှစ်ပတ်ခန့်ဖွင့်လှစ်မည့် ထိုင်းဘာသာစကားပြော (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ကျိုင်းတုံယဉ်ကျေးမှုပြတိုက်၌ ဒေသခံတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအားတွေ့ဆုံပြီး တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုပြကွက်တွင် အသုံးပြုထားသည့် ဆီလီကွန်ရုပ်တုများကို သက်ဆိုင်ရာ တိုင်းရင်းသားတို့၏ မူလရုပ်သွင်ပြင် လက္ခဏာနှင့်နီးစပ်မှုရှိစွာ ခင်းကျင်းပြသဆောင်ရွက်ရေးမှာကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ နိုင်ငံပိုင်ဟိုတယ်များဖြစ်သည့် Amazing Keng Tung Resort နှင့် ကျိုင်းတုံပါရာဒိုက်စ်ဟိုတယ်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ကျိုင်းတုံဟော်နန်း သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရှိမှုနှင့် ခရီးသွားဆွဲဆောင် ရာနေရာတစ်ခုဖြစ်သည့် ကျိုင်းတုံရေတံခွန် အပန်းဖြေစခန်းနှင့် အပန်းဖြေစခန်းတွင် တည်ထောင်ထားသည့် ဟိုယန်းလွယ်ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism - CBT) ကျေးရွာ ဖော်ဆောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
