Skip to main content

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား ၁၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင် ပိုင်ရှင်အား ဩဂုတ် ၆ ရက်တွင် ပြန်ပေးဆွဲခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့မအားညမနား ကြိုးပမ်းဆောင်ရွက်မှုကြောင့် ၁၂ နာရီအကြာ ဩဂုတ် ၇ ရက်တွင် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်း အမှတ်(၆)ရပ်ကွက်နေ ဦးအောင်မြင့်(ခ) ဆူပရာမန်းနီး(ဘ)ဦးကရပဲယား(ဟိန္ဒူ၊ဗုဒ္ဓ)သည် ၎င်းပိုင်ဆိုင်သည့် Diamond Shine စိန်ရွှေရတနာဆိုင်မှ ဩဂုတ် ၆ ရက် ညနေ ၅နာရီခွဲခန့်တွင် နေအိမ်သို့ပြန်လာစဉ် အမှတ်(၆) ရပ်ကွက် ရွှေဘုံသာလမ်း အိမ်အမှတ်(၃၆)ရှေ့သို့အရောက်၌ စိစစ်ဆဲအဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ည ၈ နာရီခန့်တွင် အကြမ်းဖက်သမားများက ဦးအောင်မြင့်ကိုင်ဆောင်သောဖုန်းဖြင့် ၎င်း၏မိသားစုများထံသို့ဆက်သွယ်၍ ဦးအောင်မြင့်(ခ) ဆူပရာမန်းနီးအား အသက်ရှင်လျက်ပြန်လည်ရရှိလိုပါက ငွေကျပ် သိန်း ၄၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား ပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်ကြားခြင်းမပြုရန်နှင့် တိုင်ကြားပါက ဦးအောင်မြင့်အား သတ်ပစ်မည်ဖြစ်ကြောင်းခြိမ်းခြောက်ပြောဆိုကာ ငွေကြေးတောင်းခံခဲ့ကြောင်းသိရှိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထက်ပါဖြစ်စဉ်မှတရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး လိုအပ်သည့်စိစစ်မှုများဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၇ ရက် နံနက် ၄နာရီခွဲခန့်တွင် ပြန်ပေးဆွဲမှုဖြစ်စဉ်တွင်ပါဝင်သူ တရားခံများဖြစ်ကြသည့် မူဒူးဂါး(ခ) ဝင်းကိုအောင် (ဘ) ဦးလှမြင့် (ခ) ဦးဘာစန်း (ဟိန္ဒူ၊ ဗုဒ္ဓ) နှင့် ဂင်ဒို (ခ) လင်းလင်း (ဘ) ဦးမောင်မောင် (ဟိန္ဒူ၊ ဗုဒ္ဓ)တို့နှစ်ဦးအား တာမွေမြို့နယ်၊ စက်စန်းဟိုတယ်အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်ခဲ့ရာ အဆိုပါနေ့ နံနက် ၅ နာရီခန့်တွင် မျိုးမင်းဦး(ခ)မျိုးကြီး (ဘ) ဦးအုန်းမြနှင့် အောင်သူ(ခ)အောင်သူဦး (ဘ) ဦးဝင်းလှိုင်တို့နှစ်ဦးအား သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးတွင် အသွား ၆ လက်မခန့်ရှိ ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်း၊ လက်ထိပ်တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေရာတစ်ဝိုက်အား လိုအပ်သည့်ရှာဖွေမှုများဆောင်ရွက်ခဲ့ရာ ပြန်ပေးဆွဲခံရသူ ဦးအောင်မြင့် (ခ) ဆူပရာမန်းနီးအား ၎င်းအနီးရှိအိမ်ပျက်အတွင်းမှ အသက်ရှင်လျက်ပြန်လည်ရှာဖွေတွေ့ရှိကယ်တင်နိုင်ခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျန်ရှိနေသောတရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးကြိုးပမ်းဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီခွဲခန့်တွင် တရားခံ မောင်ငယ် (ဘ) ဦးဘီဒါဒေါင်း (ဟိန္ဒူ၊ ဗုဒ္ဓ)အား ဒေါပုံမြို့နယ် စံပြ(၁)လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ အထက်ပါပြန်ပေးဆွဲမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့ကြသည့် တရားခံ ကျော်သူရ၊ အောင်ထက်မိုးနှင့် ကျော်သက်တို့ ၃ ဦးအား နေအိမ်အသီးသီးတွင်လည်းကောင်း၊ ပြန်ပေးဆွဲမှုပြုလုပ်ရာတွင်အသုံးပြုခဲ့သည့် Taxi နှင့် ယာဉ်မောင်းဖြစ်သူ ကျော်ကိုကိုလွင်(ဘ)ဦးတင်ဝင်းအား ဒေါပုံမြို့နယ် ယမုံနာ(၁)ရပ်ကွက် အောင်မေတ္တာအလယ်လမ်း အိမ်အမှတ် (၃၁၇)၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ တရားခံများအား ဖြစ်စဉ်ဖြစ်ပွားပြီး အချိန်တိုအတွင်းဖော်ထုတ်ဖမ်းဆီး ရမိခဲ့ခြင်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့မအားညမနားကြိုးပမ်းဆောင်ရွက်မှုနှင့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုများကြောင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိခဲ့သည့် စုစုပေါင်း ၉ ဦးတို့အား တည်ဆဲဥပဒေများနှင့် အညီထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများတားဆီးဖော်ထုတ်ဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။