Skip to main content

(၃၂)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၇

(၃၂)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်း၌ ကျင်းပသည်။

ပြိုင်ပွဲသို့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်မျိုးဆွေဝင်း၊ ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်း၊ အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး၊ ရေကြောင်းရဲတပ်ဖွဲ့မှူး၊တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးများ၊ ရဲအရာရှိကြီးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများ၊ ပြိုင်ပွဲဝင် အသင်းများမှ ကြီးကြပ်သူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကိုယ်စား ဒုတိယရဲချုပ် (၁) က ပိတ်ပွဲအခမ်းအနား အမှာစကားပြောကြားပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသော အသင်းများအား တာဝန်ရှိသူများက ဆုများပေးအပ်ကာ တံခွန်စိုက်ဒိုင်းဆုရရှိသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အသင်းအား ဒုတိယရဲချုပ် (၁) က တံခွန်စိုက်ဒိုင်း ချီးမြှင့်ပေးအပ်သည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီလ ၂၅ ရက်မှ ၂၇ ရက်ထိ ကျင်းပခဲ့ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့အသီးသီးမှ ပြိုင်ပွဲဝင်အသင်းပေါင်း(၃၀) ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ရဲတပ်ဖွဲ့မှ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ ရဲချုပ်တံခွန်စိုက်ဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲကို ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(ရဲပြန်ကြား)