Skip to main content

ရာပြည့်တွန်းအား တိုင်းပြည်နိုင်ငံခံ့ညား

လွန်ခဲ့သော နှစ်တစ်ရာပြည့် ဝန်းကျင်ကာလက နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာကောင်းသည့် အမျိုးသား လှုပ်ရှားမှု များသည် မြန်မာနိုင်ငံတွင် ကမ္ပည်းမော်ကွန်းတင် ထင်ရှားပြောင်မြောက်သည့် သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့သည်။ သမိုင်းမော်ကွန်း ရေးထိုးခဲ့သည့် ဂုဏ်ယူဖွယ်အမှတ်တရများ အတွက် နှစ် (၁၀၀) ပြည့်အခမ်းအနားများကျင်းပပြီး ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ ကြသည်။

မြန်မာနိုင်ငံ၏သမိုင်းမှတ်တိုင်များအရ ၂၀၂၀ ပြည့်နှစ်သည်အမျိုးသားရေး သမိုင်းကြောင်းဆိုင်ရာ ရာပြည့်ကာလများသို့ ကျရောက်ခဲ့သည်ဖြစ်၍ ဂုဏ်ယူ ဖွယ်ရာ နှစ်တစ်နှစ်ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် သန္ဓေတည်မွေးဖွားသော မြန်မာ့ရုပ်ရှင်၊ ရန်ကုန်တက္ကသိုလ်၊ အမျိုးသားအောင်ပွဲနေ့နှင့် မြို့မအမျိုးသားကျောင်းတို့သည် ယခုနှစ်တွင် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခါသမယများ ဖြစ်လာခဲ့သည်။ အခြားမော်ကွန်းမတင်နိုင်ခဲ့သော ရာပြည့်နေ့များလည်း ရှိကောင်းရှိမည်။ မြန်မာတို့ အတွက် ဂုဏ်ယူဖွယ်ရာ အမျိုးသားရေး နိုးကြား ထက်သန်လာခဲ့သည့် အဆိုပါ ရာပြည့်အမျိုးသား သမိုင်းမှတ်တိုင်များသည် ထူးခြားသော အနှစ်သာရများပြည့်ဝသည့် တွန်းအားများဖြစ်သည်။

မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို အခိုင်အမာ ဖော်ကျူးပြသနိုင်ခဲ့သည့် ထိုတွန်းအားများ၏ အဓိက ဦးတည်ရာကို ရည်ညွှန်း ဆိုရပါမူ မြန်မာ့အမျိုးသားပညာရေးနှင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ပန်းတိုင်ကြီးပင် ဖြစ်သည်။ မြန်မာ့သမိုင်းမှ အမျိုးသားရေး ရာပြည့်လှုပ်ရှားမှု များ၊ အမျိုးသားအောင်ပွဲနေ့ရာပြည့်ပွဲများသည် မြန်မာ့လွတ်လပ်ရေးတည်း ဟူသော ပင်မပင်စည်ကြီး ထာဝရမြဲမြံခိုင်ကျည်နေစေရေးအတွက် အားအင်များ မွေးဖွားပေး သည့် အခက်အလက်များသဖွယ် ဖြစ်သည်။

ထိုကဲ့သို့ သမိုင်းဝင်ရာပြည့်နေ့များနှင့်ယင်းရာပြည့်နေ့များမှဆင်းသက် ပေါက်ဖွားလာသော အမျိုးသား အားမာန်များသည် မြန်မာတစ်နိုင်ငံလုံး၊ မြန်မာတစ်မျိုးသားလုံးအတွက် လွတ်လပ်ရေး တည်းဟူသော အောင်ပန်းကို တက်လှမ်းဆွတ်ချူယူ နိုင်ခဲ့သည်။ မြန်မာ့သမိုင်းမှ အမျိုးသားရေး လှုပ်ရှားမှု များသည် တိုင်းပြည်၏အင်အားများပင် ဖြစ်သည်။ ရာပြည့်အမျိုးသားရေး လှုပ်ရှားမှု များသည် လွတ်လပ်သောမြန်မာနိုင်ငံတော်အတွက် အခြေခံ အင်အားများဖြစ်၍ ရရှိပြီးသော လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးနှင့် ကမ္ဘာ့အလယ်တွင်ဝင့်ထည်သည့် ဂုဏ်ယူဝင့်ကြွားဖွယ် နိုင်ငံဖြစ်ရေးအတွက် အင်အားများ ဆက်လက် မွေးမြူကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းတစ်ပါး ၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာခဲ့ရာ မကြာမီတွင် (၇၃) နှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ကြိုးပမ်းမှုဖြင့် အမျိုးသားရေးသမိုင်းအစဉ်အလာရှိသော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လက်တွဲပါဝင် စည်းလုံးညီညွတ်မှုကြောင့် ရရှိထားသော လွတ်လပ်ရေးကိုကမ္ဘာတည်သရွေ့ တည်တံ့ ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသားရေးကို အခြေခံ သည့် ညီညွတ်မှုအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

အမျိုးသားရေးစိတ်ဓာတ်များဖြင့် နိုင်ငံကိုတည်ဆောက်ရာ၌ ၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ချမှတ်ထား သော -

(၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး “စုပေါင်းအင်အား ဖြင့် ကာကွယ်စောင့် ရှောက်ရေး၊

(၂) လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေ ရေးရာ ညီမျှမှုတို့ကို နိုင်ငံသားအားလုံး တန်းတူရည်တူ ရရှိခံစားရေး၊

(၃) စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်စေရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရေး၊

(၄) ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေးအတွက်ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ၍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ။

(၅) နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်၍ ပြည်သူတစ်ရပ်လုံး ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အစိုးရ၊ ပြည်သူလူထုအားလုံးပါဝင်ပြီး စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားရေး ဟူသော အမျိုးသားရေး ဦးတည်ချက် (၅)ရပ်ကို သမိုင်းဝင်ရာပြည့် နေ့ကြီး များမှ ပေါ်ပေါက်လာသည့် အမျိုးသားရေးအားမာန်များဖြင့် ခံ့ညားဂုဏ်ယူဖွယ် နိုင်ငံဖြစ်လာအောင် ဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း။ ။