ဗြိတိသျှတို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့်အခါ ရေရှည်အုပ်ချုပ်ခွင့်ရရှိစေရန် တိုင်းရင်းသားများကို သွေးခွဲအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးပရိယာယ်ကြောင့် တိုင်းရင်းသား အချင်းချင်းသံသယများဖြင့် ရင်းနှီးမှုအားနည်း၊ သွေးကွဲခဲ့ရသည်။ အင်္ဂလိပ်တို့ သိမ်းပိုက်ခံရသည့် မူလနှစ် ၇၀ ဝန်းကျင်အထိ မြေပြန့်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှပူးပေါင်း၍ လွတ်လပ်ရေးကို မကြိုးပမ်းခဲ့ဖူးကြ။ ဖက်ဆစ်ကို တော်လှန်ကြမှသာ တိုင်းရင်းသားအားလုံးပေါင်းစည်းမိသည်။ ထိုမှတစ်ဖန် အင်္ဂလိပ်ကို တော်လှန်ခဲ့ကြချိန်တွင်တော့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ လွတ်လပ်ရေးပန်းတိုင်သို့ ရောက်ရှိခဲ့သည်။ သို့သော် တစုတစည်းတည်း လွတ်လပ်ရေးရရှိလာခဲ့ခြင်းသည် လွယ်ကူသည့် ခရီးတော့မဟုတ်ခဲ့။ ခက်ခဲကြမ်းတမ်းလှသည်။