နိုင်ငံတစ်နိုင်ငံအနေဖြင့် အလုံးစုံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် စီးပွားရေးလုပ်ငန်းများကို ခိုင်မာအောင် အုတ်မြစ်ချတည်ဆောက်ရလေ့ရှိသည်။ စီးပွားရေးလုပ်ငန်းများသည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ အစာအာဟာရဖြစ်သည်။ နိုင်ငံစီးပွားရေး အင်အားတောင့်တင်းစေရန် စီးပွားရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ထူထောင်ရန်လိုပေသည်။ စီးပွားရေးလုပ်ငန်း အများစုလိုအပ်သည့် အခြေခံအရင်းအနှီးမှာ လျှပ်စစ်ကဏ္ဍဖြစ်သည်။ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးသည်နှင့် အခြားသောစီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်မောင်းနှင်နိုင်စွမ်း ရှိပေသည်။ ရေ၊ မီးအစုံစုံပြည့်စုံလျှင် ရေမြေပေါ်အခြေပြု တည်ဆောက်သွားနိုင်မည့် စီးပွားရေး လုပ်ငန်းများစွာ ပေါ်ထွက်လာနိုင်သည်။