မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ အသုံးပြုသည့်ယာဉ်အစီးရေ၊ ဆိုင်ကယ်အစီးရေများလည်း တိုးပွားလာသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းသဖြင့် ယာဉ်မတော်တဆဖြစ်မှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ မကြာခဏဖြစ်ပေါ်နေ သည်ကို တွေ့နေရသည်။ ယာဉ်မောင်းနှင်သူ၊ လိုက်ပါစီးနင်းသူများအားလုံးအနေဖြင့် သတ်မှတ်ထားသောယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အထူးလိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၁၈ ခုနှစ် မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်းတွင် လမ်းမပေါ် ယာဉ်မတော် တဆမှုများကြောင့် ၂၄ စက္ကန့်တိုင်း လူတစ်ဦးနှုန်း သေဆုံးနေကြောင်းနှင့် နှစ်စဉ်လူပေါင်း ၁ ဒသမ ၃၅ သန်းအထိ သေဆုံးနေကြောင်း ထုတ်ပြန်ထားသည်။ ယာဉ်မတော်တဆမှုများသည် ကလေးငယ်များနှင့် အသက်(၅)နှစ်မှ (၂၉)နှစ်ကြား လူငယ်လူရွယ်များအတွက် သေမင်းတမန်သဖွယ်ဖြစ်နေ ကြောင်းနှင့် အရှေ့တောင်အာရှ၌ လမ်းမပေါ်ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူများထဲတွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူများနှင့် လိုက်ပါစီးနင်းသူများ သေဆုံးမှုနှုန်းသည် ၂၈ ရာခိုင် နှုန်းမှ ၄၃ ရာခိုင်နှုန်းအထိ ရှိနေသည်ဟုဆိုထားသည်။