၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ၁၉၉၂ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ယခုနှစ်သည် (၂၉) ကြိမ်မြောက်ဖြစ်ပါသည်။ ယခုနှစ်၏ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Transformative solutions for inclusive development: the role of innovation in fuelling an accessible and equitable world” ဖြစ်ပြီး “အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင် အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့်ဆောင်ရွက်ပေး” ဟူ၍ မြန်မာဘာသာသို့ ပြန်ဆိုထားရှိကြောင်း လေ့လာဖတ်ရှုရပါသည်။ မသန်စွမ်းသူများအတွက် ခွဲခြားဆက်ဆံမှုကင်းစင်ရေး၊ အခြေခံလူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို အများနည်းတူ မျှမျှတတရရှိရေး၊ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာအပါအဝင် နယ်ပယ်အသီးသီးတွင် ပေါင်းစည်းပါဝင်နိုင်ရေး၊ မသန်စွမ်းသူများ လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေထိုင်နိုင်ရေး နှင့် လူမှုစီးပွားလုံခြုံစိတ်ချမှုအတွက် တီထွင်ဖန်တီးဆောင်ရွက်ပေး နိုင်ရေးတို့သည် ကျယ်ပြန့်သော အကြောင်းခြင်းရာများဖြစ်ပြီး ယင်းတို့အနက် နိုင်ငံသားများဖြစ်ကြသော မသန်စွမ်းသူများ၏ ရွေးကောက် မှုဆိုင်ရာအခွင့်အရေးများသည် မသန်စွမ်းသူများ အသိုက်အဝန်းတစ်ရပ် လုံးအတွက် အခြေခံကျသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်း ယုံကြည်မိပါသည်။