မိမိတို့မြန်မာနိုင်ငံမှ စင်ကာပူ၊ ကိုရီးယား၊ ထိုင်းနှင့် မလေးရှားအပါအဝင် ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဝမ်းရေးအတွက် အလုပ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားများစွာရှိပါသည်။ ၎င်းတို့သည် ပြည်ပတွင်နိုင်ငံခြားငွေဖြင့် လုပ်ခလစာများရရှိကြပြီး အဆိုပါလုပ်ခလစာဝင်ငွေကို ကိုယ့်နိုင်ငံသို့ တရားဝင်ဘဏ်လမ်းကြောင်းများမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးပို့မှုများ ပြုလုပ်ကြရပါသည်။ ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသူများထံမှ ၎င်းတို့၏မိသားစုများထံသို့ လွှဲပို့ငွေ၊ မိခင်နိုင်ငံသို့ ပြန်လည်လွှဲပို့ငွေများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံတော်၏ နိုင်ငံခြားငွေရှာဖွေရေးအတွက် အထောက်အပံ့ဖြစ်စေပါသည်။