၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်း၌ သတင်းစတင်ကြားခဲ့ရပါသည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Shinzo Abe သေနတ်နှင့် အပစ်ခံရခြင်းပါ။ ဂျပန်နိုင်ငံ နာရာမြို့၌ သူ၏ LDP ပါတီ အထက်လွှတ်တော်အမတ်လောင်းအတွက် ကူညီမဲဆွယ်ပေးနေစဉ် လက်လုပ်သေနတ်နှင့် အပစ်ခံရသည်ဟု သတင်းစတင်ကြားကြားချင်း လက်နက်ကိုင်ဆောင်ခွင့် စည်းကမ်းအလွန်တင်းကျပ်လှပြီး ဤကဲ့သို့ဖြစ်စဉ်မျိုး ဖြစ်လေ့ဖြစ်ထမရှိသော ဂျပန်နိုင်ငံ၌ ဖြစ်ခဲ့သဖြင့် အထူးတုန်လှုပ်ချောက်ချား ကြေကွဲဝမ်းနည်းခဲ့ရပါသည်။ အသက်ရှင်သန်ပါစေဟု ဆုတောင်းခဲ့ပါသော်လည်း မပြည့်ခဲ့ပါ။ ထိုနေ့ညနေပိုင်း၌မူ ကွယ်လွန်သွားခဲ့ရရှာပါသည်။ ကျွန်တော်တို့အနေဖြင့် သူကွယ်လွန်မှုအပေါ် နှမြောတသဝမ်းနည်းကြေကွဲရပါလျှင် သူတို့နိုင်ငံသူနိုင်ငံသားများအတွက်ကတော့ ပြောဆိုဖွယ်ရာ မကုန်နိုင်တော့ပါ။