ယခုအခါ နွေရာသီကာလသို့ ရောက်တော့မည်ဖြစ်သည်။ ပူပြင်းခြောက်သွေ့ရာသီတွင် သောက်ရေသုံးရေ ပိုမိုလိုအပ်လာသကဲ့သို့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာလည်း ပိုမိုများပြားလာမည်ဖြစ်သည်။ နေ့စဉ်လူနေမှုဘ၀တွင်ရေနှင့် လျှပ်စစ်မီးတို့က မရှိမဖြစ် အရေးကြီးသည်။ သန့်ရှင်း၍ ဘေးကင်းသည့် သောက်သုံးရေနှင့် လျှပ်စစ်မီးတို့ကို မိမိတို့နိုင်ငံ၏ မြို့ပြနှင့် ကျေးလက် ဒေသအသီးသီးတို့ရှိ အိမ်ထောင်စုများအားလုံး သုံးစွဲခွင့်မရရှိသေးပေ။ အိမ်တိုင်း၊ မိသားစုတိုင်း သောက်သုံးရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးတို့အတွက် ကြိုးပမ်းနေရဆဲ အခြေအနေတွင်သာ ရှိသေးသည်။