နည်းပညာအသုံးပြု အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ
ပြည်ထောင်စုမြန်မာနိုင်ငံရှိ နိုင်ငံသား အများပြည်သူတို့အတွင်း ပဒေသရာဇ်စနစ်နှင့် ကိုလိုနီနယ်ချဲ့စနစ်၏ ဆိုးမွေတစ်ရပ်အဖြစ် လွတ်လပ်ရေး မရမီကာလတိုင်အောင် စာမတတ်သူဦးရေ ထုထည်ကြီးမားစွာ ရှိနေခဲ့ကြသည်။ ဤဆိုးမွေကြောင့်ပင် မြို့ပြဒေသများထက် ကျေးလက်ဒေသ တို့၌ စာမတတ်သူဦးရေ ပိုမိုများပြားပြီး အမျိုးသားဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက အမျိုးသမီးဦးရေသည် ပိုမိုများပြားနေကြောင်းကို လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတွင် လေ့လာသိရှိခဲ့ရပါသည်။ နိုင်ငံတစ်နိုင်ငံအတွင်း စာမတတ်သူဦးရေထုထည်ကြီးမားစွာ ရှိနေခြင်းသည် ထိုနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို များစွာ အဟန့်အတားဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်ကြောင်း တွေ့ရှိရပါသည်။
