ရာပြည့်တက္ကသိုလ်နှင့် ဘဝတစ်ကွေ့ အမှတ်တရများ
တက္ကသိုလ်ရိပ်သာလမ်းဘက်ခြမ်း ရန်ကုန်တက္ကသိုလ် ဂိတ်ပေါက်ဝမှ ဝင်လိုက်သည်နှင့် အဓိပတိလမ်း၏ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်ရှိ အုံ့အုံ့ဆိုင်းဆိုင်း စိမ်းစိမ်းစိုစို သစ်ပင်ကြီးများနှင့် မျက်စိတဆုံး တွေ့မြင် နေရသော အဓိပတိလမ်းအဆုံးတွင် ဘွဲ့နှင်းသဘင်ခန်းမကြီးက တင့်တင့်တယ်တယ် ခံ့ခံ့ညားညား တည်ရှိနေ သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့က နှစ် (၁၀၀) သက်တမ်းပြည့်ခဲ့သော ရန်ကုန်တက္ကသိုလ်ကို စာရေးသူ မည်သည့်အရွယ်က စတင်သိရှိခဲ့ပါလိမ့်ဟု မိမိဘာသာ ပြန်လည်စောကြောမိသည်။
ဓာတ်ပုံများကပြောသော နှစ်တစ်ရာခရီး
အချိန်ကား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက် စနေနေ့ ဖြစ်ပါသည်။ သာယာလှပသော နံနက်ခင်း၏နေခြည်အောက်တွင် ကျွန်မတို့ အင်းလျားညီအစ်မများ အတွေးကိုယ်စီဖြင့် ရင်ခုန်စိတ်လှုပ်ရှားလို့ နေပါသည်။ အကြောင်းမှာ ကျွန်မတို့ချစ်သော အင်းလျားဆောင်ကြီး၏ ရန်ကုန်တက္ကသိုလ်ရာပြည့်အကြိုအထိမ်းအမှတ် လှုပ်ရှားမှုအနေဖြင့် အင်းလျားဆောင် ဓာတ်ပုံပြပွဲကို ဖွင့်လှစ်ရန် အချိန်အနည်းငယ်သာ လိုတော့၍ ဖြစ်ပါသည်။
