တောအုပ်သန့်သန့်လေးထဲမှာ
တက္ကသိုလ်တို့မည်သည် သဘာဝပတ်ဝန်းကျင် လှပရန် လိုပါသလားဟု တွေးကြည့်လျှင် လိုအပ်ပါသည်ဟုမိပါမည်။ ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှတွင် ပညာဖြင့်ကျော်ကြားခဲ့ ပါသည်။ တက္ကသိုလ်၏ တည်နေရာအလှတရားဖြင့်လည်း ထင်ရှားခဲ့ပါသည်။ အလွန်လှပသော တက္ကသိုလ်အဖြစ် လက်ခံကြရပါသည်။ တက္ကသိုလ်မည်သည်မှာ အဆင့်မြင့်ပညာတို့ကို သင်ကြား ရာနေရာဒေသဖြစ်သည်။ ကလေးတန်းတွေလို အခန်းကျဉ်းလေးထဲမှာ ဆရာသင်သမျှကိုကုန်းအော်၍ နေရမည် မဟုတ်ပါ။ ဆရာပို့ချသမျှကို အာရုံစူးစိုက်မှုရှိရပါမည်။ ပို့ချမှုများကို ဦးနှောက်ကြည်ကြည်လင်လင်ဖြင့် လက်ခံနိုင်ရန် အသင့်ရှိနေရပါမည်။ အတန်းချိန်များ ကုန်ဆုံးလျှင်ငြိမ်းအေးသာယာသော သဘာဝဝန်းကျင်တွင် ခေါင်းအေးအေးဖြင့် သင်ပြီးသမျှ စဉ်းစားတွေးဆကြရပါမည်။ ဆန်းစစ်ဝေဖန်ကြရပါမည်။ အတွေးသစ်၊ အမြင်သစ်၊ ပညာသစ်များကို ရှာဖွေကြရပါမည်။
