မြန်မာစာ-မြန်မာစကားထဲတွင် မြှုပ်နှံလေ့လာခဲ့သူ နိုင်ငံခြားပညာရှင်များစွာ ရှိပါသည်။ ထိုပညာရှင်များထဲတွင် လူသိများလှသော (ကမ္ဘာသိ) ပညာရှင်တစ်ဦးမှာ ဆရာကြီးဂျွန်အိုကယ် ဖြစ်ပါသည်။ ဆရာကြီး၏ နာမည်အပြည့်အစုံမှာJohn William Alan Okell ဖြစ်ပါသည်။ ဆရာကြီးသည် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာသင်ကျောင်း (SOAS) တွင် မြန်မာစာ ကထိက၊ မြန်မာစာဝါရင့်ကထိက စသည်ဖြင့် နှစ်ပေါင်း ၃၀ ကျော် ထမ်းဆောင်ခဲ့သည်။ ဆရာကြီးသည် မြန်မာစာ- မြန်မာစကားနှင့်ပတ်သက်သော စာအုပ်စာတမ်းများစွာ ရေးသားခဲ့သော ကြောင့် ဆရာကြီး၏နာမည်ကို ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို-ဘွဲ့လွန်ကျောင်းသားဘဝ ကပင် ဆရာများထံမှ မကြာခဏ ကြားခဲ့ရဖူးပါသည်။ ဆရာကြီးနှင့် ရင်းနှီးသူများက ကိုအုတ်ခဲဟူ၍ မြန်မာဆန်ဆန်ခေါ်သည်ကိုလည်း ကြားခဲ့ဖူးပါသည်။