မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသ စိုက်ပျိုးရေးအတွက် ရေစုဆောင်းနည်းနှင့် ရေချွေတာသုံးစွဲနည်းလမ်းများ
မြန်မာနိုင်ငံအလယ်ပိုင်းရှိ အပူပိုင်းဒေသဖြစ်သော မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့သည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသများ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၅၄၃၉၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်း၍ မြန်မာနိုင်ငံ စုစုပေါင်းဧရိယာ၏ ၁၀ ရာခိုင် နှုန်းခန့်ရှိသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှ မိုးရေချိန် ၇၀၀- ၁၀၀၀ မီလီမီတာခန့်သာ ရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။ ဇွန်လနှင့် ဇူလိုင်လတို့တွင် မိုးရွာသွန်းမှု နည်းခြင်း၊ အပူချိန် မြင့်မားခြင်းနှင့် လေတိုက်နှုန်းမြင့်မားခြင်းတို့ကြောင့် ပူပြင်းခြောက်သွေ့ပြီး အပေါ်ယံ စိုက်ပျိုးမြေသား ဆုံးရှုံးမှုများ နှစ်စဉ်ကြုံတွေ့နေရသည်။ ထို့အပြင် ရွာသွန်းသော မိုးရေချိန်ပမာဏသည် တစ်နှစ် ထက်တစ်နှစ် သိသိသာသာနည်းလာခြင်း၊ မိုးရွာသွန်းမှု ပုံစံ မမှန်ခြင်းနှင့် ပျံ့နှံ့စွာ ရွာသွန်းမှုမရှိခြင်းတို့ကို လည်း ကြုံတွေ့နေရသည်။
