အမျိုးသားယဉ်ကျေးမှု ယွန်းအနုပညာနှင့် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်
မြန်မာလူမျိုးတို့သည် ဧည့်ဝတ်ကျေပွန်ကာ သူတထူးအား ယဉ်ကျေးစွာဆက်ဆံတတ်သည့် လူမျိုးများဖြစ်သည်။ မိမိတို့အိမ်သို့ ဧည့်လာလျှင် ကွမ်း၊ ဆေး၊ လက်ဖက်၊ အချိုအချဉ် အစုံအလင်နှင့် ဧည့်ခံလေ့ရှိသလိုပင် မိမိကအခြားတစ်ပါးသို့ ခရီးသွားလျှင်လည်း ကောင်းနိုးရာရာ လက်ဆောင်ပစ္စည်းများအား ယူဆောင်သွားလေ့ရှိသည်။ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် မိတ်ဖက်နိုင်ငံများနှင့် အပြန်အလှန်ကမ်းလှမ်းသည့် လက်ဆောင်များတွင် တန်ဖိုးကြီးမားမှုရှိသလို နိုင်ငံနှင့်လူမျိုး၏ဂုဏ်ရည်ကို ပြသနိုင်သည့် လက်ဆောင်များပေးလေ့ရှိသည်။
