ပွင့်လင်းရာသီကာလ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် ကျန်းမာရေးအန္တရာယ်
မိုးအကုန် ပွင့်လင်းရာသီရောက်ချိန် တောမီးလောင်ခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ခြင်းတို့ကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များ ဖြစ်ပေါ်လေ့ရှိရာ ဒေသခံပြည်သူများအပေါ် ကျန်းမာရေးအန္တရာယ်များ ကျရောက်စေနိုင်သည်။ အဆိုပါနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များသည် တောင်ယာမီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ တောမီးလောင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ မီးခိုးမြူငွေ့တွင် အလွန်သေးငယ်သော အမှုန်အမွှား PM 2.5 နှင့် PM 10၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ အိုဇုန်း၊ ရေငွေ့နှင့် အခြားအဆိပ်အတောက်ဓာတ်ငွေ့များ ရောနှောပါဝင်နေသည်။
