အစဉ်အလာကြီးမားသည့် ဂုဏ်ဒြပ်ကို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှတစ်ဆင့် ထုတ်ဖော်ပြသကြပါစို့
လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို ထင်ဟပ်ပြသနိုင်သည်မှာ အနုသုခုမပညာဖြစ်သည်။ လူမျိုးတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်အနုသုခုမ ပညာရပ်တစ်မျိုးစီရှိကြသည်။ အနုသုခုမပညာသည် ကာလ၊ ဒေသနှင့် လူမျိုးတို့၏ ဓလေ့စရိုက်ပေါ်တွင် တည်မီသည်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုသည် ယင်းအနုသုခုမပညာပေါ်တွင်တည်မီသဖြင့် အနုပညာသည် ယဉ်ကျေးမှု၏ကြေးမုံပြင်ဟု ဆိုလေသည်။ မည်သည့်တိုင်းပြည်နှင့် လူမျိုးမဆို မိမိတို့၏ ယဉ်ကျေးမှုခိုင်မြဲစွာရှိမှသာလျှင် အမျိုးသားရေးဇာတိမာန်များ အစဉ်ထိန်လင်း ထွန်းတောက်နေမည်ဖြစ်သည်။
