လူဆိုသည် (ရသ)ခံစားလိုသည်။ သိလိုမှတ်လိုသည်။ တိုးတက်ပြောင်းလဲလိုသည်။ ငြိမ်းချမ်းလိုသည်။ အဆိုပါ လိုအင်ဆန္ဒများပြည့်ဝရေးအတွက် လူသားမျိုးနွယ်သက်တမ်းတစ်လျှောက် နည်းလမ်းများ ရှာခဲ့ကြ၏။ လိုအင်ဆန္ဒများ ဖြည့်ဆည်းပေးနိုင်မည့် အသိပညာ၊ ဗဟုသုတများရှာခဲ့ကြ၏။ ထိုဆန္ဒများကား စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုကြောင့် ဖြစ်ထွန်းလာသောဆန္ဒများဖြစ်၏။ ထိုဆန္ဒကြောင့် လူတို့သည် သင်ယူမှု၊ လေ့လာမှု၊ ဆည်းပူးမှုများ အာသာငမ်းငမ်းဖြင့် လုပ်ခဲ့ကြသည်။ ယခုလည်း လုပ်နေကြသည်။ ဆက်၍လည်းလုပ်ကြဦးမည်။ ထိုလိုအပ်ချက်နှင့်လိုအင်ဆန္ဒတို့ ပြည့်ဝရေးအတွက်ဆိုလျှင် “စာဖတ်ခြင်း”က အလွန်အရေးပါသော နည်းလမ်းတစ်ခုဖြစ်၏။