လူ့ဘောင်လောကတွင် ကလေးသူငယ်ငယ်ရွယ်သူများသည် အမှား၊ အမှန်၊ အကောင်း၊ အဆိုး၊ အသိပညာဗဟုသုတများ မရှိကြသေးပေ။ လက်ဦးဆရာ မိဘဆရာသမားများ၏ သွန်သင်ညွှန်ပြမှုများဖြင့် လူလားမြောက်ကြရသည်။ တစ်နည်းဆိုလျှင် အသိပညာတိုးလာစေရန် ကျောင်းတက်ပညာရှာကြရသည်။ ပညာကို ပြီးဆုံးအောင် အပတ်တကုတ် သင်ယူကြိုးပမ်းအားထုတ်လျှင် အားထုတ်သလောက် ထူးချွန်ထက်မြက်သူများ ဖြစ်လာကြသည်။ ပညာသင်ကြားမှုပြီးဆုံးသည့်အခါ မိမိကိုယ်ပိုင်ရပ်တည်နိုင်သော စွမ်းရည်၊ မိမိကိုယ်တိုင် ထိန်းကျောင်းနိုင်သော စွမ်းအားများရရှိပြီး မိမိ၊ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို အကျိုးပြုမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာနိုင်သည်။