အလုပ်သမားတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ ဝိုင်းဝန်းကြိုးပမ်းစို့
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့သည် အလုပ်သမားများအနေဖြင့် မိမိတို့၏အခွင့်အရေးကို သိရှိကာ မိမိတို့အခွင့်အရေးအတွက် မိမိတို့ကိုယ်တိုင် တောင်းဆိုတိုက်ပွဲဝင်ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အလုပ်သမားထုကြီး၏ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ရသည့် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သည် တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် မေလ ၁ ရက်ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် အခမ်းအနားများကျင်းပကြပြီး မိမိတို့မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့အလုပ်သမားနေ့ကို ၁၉၃၈ ခုနှစ် မေလ ၁ ရက်မှစတင်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် မရှိမဖြစ်အရေးပါသည့် အဓိကစွမ်းအားစုကြီးဖြစ်သော အလုပ်သမားကြီးများအား ဂုဏ်ပြုကြသည့်အနေဖြင့် နှစ်စဉ်ကျင်းပခဲ့ကြရာ ယခု ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် (၈၆) ကြိမ်မြောက်သို့ပင် ရောက်ခဲ့ပြီဖြစ်သည်။
