အွန်လိုင်းပေါ်မှ လိမ်လည်မှုတွေ၊ လောင်းကစားမှုတွေ သတိထားပါ
သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေ အားကောင်းလာတဲ့ခေတ်ကာလမှာ ကောင်းကျိုးတွေနဲ့အတူ ဆိုးကျိုးတွေပါလာတတ်တာကို တွေ့ရမှာဖြစ်ပါတယ်။ အဆိုးတွေကြောင့် အမှန်တရားတွေ တိမ်သလာဖုံးသလို အမှန်ကို ရှာရဖွေရခက်လာတတ်ပါတယ်။ ဒါကြောင့်လည်း ‘အမှန် တရားက ဖိနပ်စီးဖို့လုပ်နေတုန်း အမှားက ကမ္ဘာတစ်ပတ်ပတ်ပြီးပြီ’လို့ ပြောလာကြပါတယ်။ “ကိုယ့်ရှူးကိုယ်ပြန်ပတ်” “ကိုယ့်အတတ်ကိုယ်ပြန်စူး”ဆိုသလို နည်းပညာတွေ စတင်ဖန်တီးခဲ့တဲ့ နိုင်ငံကြီးတွေဟာလည်း နည်းပညာကြောင့်ပဲ သူ့နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်လာတာကြောင့် အကာအကွယ်အတားအဆီးတွေ ပြုလုပ်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။
