မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ သိကောင်းစရာ
ယနေ့ကမ္ဘာတစ်ဝန်းတွင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါများ စသည့် မကူးစက်နိုင်သောရောဂါ (Non-Communicable Diseases)များ ကြောင့် နှစ်စဉ်လူဦးရေ ၄၁ သန်းကျော် အသက်ဆုံးရှုံးနေရပြီး တစ်ကမ္ဘာလုံးတွင် သေဆုံးမှုအားလုံး ၏ ၇၁ ရာခိုင်နှုန်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ဝင်ငွေနည်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက်(၃၀)နှစ်နှင့် (၇၀)နှစ်ကြား သေဆုံးမှုအားလုံး၏ ၈၆ ရာခိုင်နှုန်းသည် မကူးစက်နိုင်သောရောဂါများကြောင့် အသက်ဆုံးရှုံးနေရကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၈ ခုနှစ်၌ ဆေးရုံ၊ ဆေးခန်းများတွင် ဖြစ်ပွားသော သေဆုံးမှု (Hospital Death) စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးနေရကြောင်း တွေ့ရှိရသည်။ မကူးစက်နိုင်သောရောဂါများဖြစ်ပွားရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်းဖြစ်ပြီး ၎င်းသည်ရှောင်လွှဲ၍ရသည့် ရောဂါဖြစ်ပွားစေသောအကြောင်းရင်း တစ်ရပ်ဖြစ်သည်။
