Skip to main content

နိုင်ငံ့အကျိုး ပြည်သူ့အကျိုးစွမ်းဆောင်လိုသည့်စိတ်မြှင့်တင်

လူတို့၏ကိုယ်ရည်ကိုယ်သွေးသည် ပုဂ္ဂိုလ်ကိုလိုက်၍ တစ်ဦးနှင့်တစ်ဦးမတူဘဲ ကွဲပြားခြားနားကြသည်။ အချို့က သူတစ်ပါးအပေါ် မှီခိုစိတ် (Need Dependence)၊ အချို့က သူတစ်ပါးနှင့်ပူးပေါင်းလိုစိတ် (Need Affiliation)၊ အချို့က တစ်ဦးတည်းလွတ်လပ်စွာ လုပ်ကိုင်လိုစိတ် (Need Autonomy)၊ အချို့က သူတစ်ပါးအပေါ် လွှမ်းမိုးလိုစိတ် (Need Dominance) စသည်ဖြင့် လူချင်းတူကြသည့်တိုင် ကိုယ်ရည်ကိုယ်သွေးချင်းမတူညီကြ။ ယင်းသို့သော ကိုယ်ရည်ကိုယ်သွေးများအနက်မှ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို မဖြစ်မနေ စွမ်းဆောင်လို သည့်စိတ်ဓာတ်(Need Achievement)သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးပါပြီး နိုင်ငံသားများတွင် ၎င်းစိတ်ဓာတ် တိုးပွားလာစေရေးအတွက် ပတ်ဝန်းကျင်အခြေအနေများ ပြုပြင် ဖန်တီးခြင်းဖြင့် ရရှိနိုင်သည်ဟု သုခမိန်များက မိန့်ဆိုကြသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရင်းအနှီး စုဆောင်းရေး

စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့်ကုန်ထုတ်လုပ်မှုတိုးတက်‌ရေးတို့တွင် အရေးကြီးသည့် လိုအပ်ချက်တစ်ရပ်မှာ နည်းပညာဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျသည့် နိုင်ငံတို့အနေဖြင့် ပညာရေးနှင့်သုတေသနလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု လုံ‌လောက်စွာ မပြုလုပ်နိုင်ကြသည့်အလျောက် နည်းပညာပိုင်းတွင်လည်း ချို့တဲ့ကြသည်။ ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံတွင် ကုန်ထုတ်လုပ်နိုင်စွမ်း မြင့်မားရေးအတွက် လိုအပ်သော နည်းပညာရရှိနိုင်ရန်မှာ “အရင်းအနှီးစုဆောင်းမှု” ကို ကနဦးပြုလုပ်ကြရမည်ဖြစ်ပြီး ယင်းအတွက် အားထုတ်ရုန်းကန်ကြရကြောင်းကို အမေရိကန်၊ ယူကေ၊ ဂျပန်၊ ဥ‌ရောပနိုင်ငံများ ဖွံ့ဖြိုးမှုမရရှိမီကာလများအားရည်ညွှန်း၍ ပညာရှင်များက မိန့်ဆိုထားသည်။

ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ရှိရန်လို

​​​​​​​နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြကြောင်း သတင်းများတွင် တွေ့ရှိရသည်။ အထူးသဖြင့် လူဦးရေများပြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ အားအကောင်းဆုံးဖြစ်သည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတို့က ပြည်တွင်းဖူလုံရေး၊ ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးနှင့် ပြည်ပသွင်းကုန်များ အစားထိုးထုတ်လုပ်နိုင်ရေးဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားဆောင်ရွက်သွားကြရမှာဖြစ်သည်။
Subscribe to "မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်"