Skip to main content

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရင်းအနှီး စုဆောင်းရေး

စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့်ကုန်ထုတ်လုပ်မှုတိုးတက်‌ရေးတို့တွင် အရေးကြီးသည့် လိုအပ်ချက်တစ်ရပ်မှာ နည်းပညာဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျသည့် နိုင်ငံတို့အနေဖြင့် ပညာရေးနှင့်သုတေသနလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု လုံ‌လောက်စွာ မပြုလုပ်နိုင်ကြသည့်အလျောက် နည်းပညာပိုင်းတွင်လည်း ချို့တဲ့ကြသည်။ ဖွံ့ဖြိုးမှုနိမ့်ကျသောနိုင်ငံတွင် ကုန်ထုတ်လုပ်နိုင်စွမ်း မြင့်မားရေးအတွက် လိုအပ်သော နည်းပညာရရှိနိုင်ရန်မှာ “အရင်းအနှီးစုဆောင်းမှု” ကို ကနဦးပြုလုပ်ကြရမည်ဖြစ်ပြီး ယင်းအတွက် အားထုတ်ရုန်းကန်ကြရကြောင်းကို အမေရိကန်၊ ယူကေ၊ ဂျပန်၊ ဥ‌ရောပနိုင်ငံများ ဖွံ့ဖြိုးမှုမရရှိမီကာလများအားရည်ညွှန်း၍ ပညာရှင်များက မိန့်ဆိုထားသည်။

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော အရင်းအနှီးရရှိရန် ဆင်းရဲနွမ်းပါးသည့် အခြေအနေများကြားမှပင် နည်းမျိုးစုံဖြင့် ကြိုးပမ်းရှာဖွေစုဆောင်းရမည့်အချက်သည် မဖြစ်မနေဆောင်ရွက်ရမည့် အချက်ဖြစ်ပြီး အမျိုးသားဝင်ငွေ၏ ရာခိုင်နှုန်းအချို့ကို စုဆောင်းခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့်အကြောင်းအရာများကို ရှာဖွေဖော်ထုတ် ဆောင်ရွက်ရန်လိုအပ်သည်ဟုလည်းဆိုသည်။ ဆင်းရဲသောနိုင်ငံများအဖို့ အရင်းအနှီးစုဆောင်းရန်ဟူသောအချက်သည် ခက်ခဲနိုင်သည်ဟု ယူဆကြရမည်ဖြစ်သော်လည်း အစိုးရအနေဖြင့် ထိရောက်သော အခွန်ကောက်ခံမှုစနစ်ကို ကျင့်သုံးရန်၊ ထိရောက်သော ဘဏ္ဍာရေးအဆောက်အအုံများ ဖွဲ့စည်းတည်ဆောက်ရန်၊ ပုဂ္ဂလိကအရင်းအနှီးများကို ထိရောက်စွာ စုစည်းရန်တို့အပြင် ပြည်သူလူထုအတွင်း၌လည်း စုဆောင်းလိုသည့် စိတ်ဓာတ်မြင့်မားလာအောင် မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်ရန်လိုသည်ဟု ဆိုသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်များမြှင့်တင်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကုန်ထုတ်လုပ်မှုများ မြင့်မားရေး၊ နည်းပညာနှင့် ကျွမ်းကျင်မှုများရယူရေး၊ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများတည်ဆောက်ရေး စသည့်လုပ်ငန်းများကို စုဆောင်းရရှိလာသည့် အရင်းအနှီးများမှ ထိထိရောက်ရောက် အသုံးပြုလုပ်ကိုင်ခြင်းဖြင့် စီးပွားရေးရုန်းထနိုင်သည့်အားကို ရရှိနိုင်မည်ဖြစ်သည်။ ခွန်အားစိုက်ထုတ်၍ ကြိုးပမ်းရှာဖွေခြင်း၊ ခြိုးခြံချွေတာစုဆောင်းခြင်းဖြင့် အရင်းအနှီးရရှိပြီး ယင်းမှတစ်ဆင့် မိမိနိုင်ငံနှင့်ကိုက်ညီသင့်တော်မည့် နည်းပညာ၊ အတတ်ပညာများကိုရယူနိုင်သည်။ တစ်နည်းအားဖြင့်ငွေရှိပါကနည်းပညာကို ဝယ်ယူရရှိနိုင်သလို သုတေသနလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပြီး ကိုယ်ပိုင်နည်းပညာများလည်း ရှာဖွေဖော်ထုတ်နိုင်သည်။ ယင်းမှတစ်ဆင့် အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ဆက်လက်ဆောင်ရွက်ကြ ရခြင်းဖြစ်သည်။

လက်ရှိမိမိတို့နိုင်ငံ၏ လူတစ်ဦးချင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအောက် များစွာနိမ့်ကျလျက်ရှိသည်။ စိုက်ပျိုးရေးကဏ္ဍတွင် မြေတစ်ဟက်တာချင်းအလိုက် ထုတ်လုပ်နိုင်စွမ်းယှဉ်ရာတွင် လည်းကောင်း၊ တောင်သူတစ်ဦးချင်းအလိုက် ထုတ်လုပ်နိုင်စွမ်းယှဉ်ရာတွင်လည်းကောင်း နိမ့်ကျသကဲ့သို့ အခြားကဏ္ဍအသီးသီးတို့တွင်လည်း ထို့နည်းတူပင်ဖြစ်သည်။ မြေတစ်ဟက်တာချင်းထုတ်လုပ်မှု၊ တောင်သူတစ်ဦးချင်း ထုတ်လုပ်မှုတို့ ကွာဟချက်မှာ နည်းပညာကွာဟချက်ကြောင့်ပင်ဖြစ်သည်။ နည်းပညာနိမ့်ကျ၍ ထုတ်လုပ်နိုင်စွမ်းနိမ့်ကျခြင်းကြောင့် ဝင်ငွေတွင်လည်း နိမ့်ကျသည့်အခြေအနေသို့ ဆိုက်‌ရောက်သွားရသည်။ အခြားစက်မှုကုန်ထုတ်လုပ်ငန်းများတွင်လည်း ထိုနည်းတူစွာပင် နည်းပညာနိမ့်ကျခြင်းကြောင့် အရည်အသွေးအရရော၊ အရေအတွက်အရပါ နိမ့်ကျကာစျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းလည်း မရှိလောက်အောင် ချည့်နဲ့ကြရသည်။

နိုင်ငံ၏စီးပွား ဖွံ့ဖြိုးတိုးတက်မှုသည် ကြိုးပမ်းအားထုတ် အလုပ်လုပ်၍ အရင်းအနှီးရှာဖွေစုဆောင်းရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်း၊ ကုန်ထုတ်လုပ်မှုနှင့်စွမ်းဆောင်မှုတို့ မြှင့်တင်ခြင်းတို့မှအစပြု၍ တစ်ဆင့်ပြီးတစ်ဆင့်၊ မြင့်သည် ထက်မြင့်အောင် ရေရှည်ဆောင်ရွက်ကြမှသာ ရရှိနိုင်မည်ဖြစ်သည့်အလျောက် ကြိုးပမ်း‌စွမ်းဆောင်ကြရပါမည့်အကြောင်း။ ။