(၁၀-၂-၂၀၂၀ ရက်နေ့၊ ည (၈) နာရီ)
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်မှ အသက်(၁၆) နှစ်အရွယ် အမျိုးသမီးတစ်ဉီးနှင့် အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှ (၂၉-၁-၂၀၂၀)ရက်နေ့တွင် နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အဆိုပါအသက်(၁၉)နှစ်အရွယ် အမျိုးသမီးသည် (၃၁-၁-၂၀၂၀) ရက်နေ့တွင် လည်းကောင်း၊ အသက် (၁၆) နှစ်အရွယ် အမျိုးသမီးသည် (၁-၂-၂၀၂၀) ရက်နေ့တွင် လည်းကောင်း ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို အသီးသီးစတင်ခံစားခဲ့ရပါသည်။ (၉-၂-၂၀၂၀)ရက်နေ့တွင် မောက်မယ်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး၀န်ထမ်းများသည် တာဝန်ရှိသူများနှင့်အတူ ၄င်းတို့နေထိုင်ရာကျေးရွာအထိ ကွင်းဆင်း စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အဆိုပါ အမျိုးသမီး (၂) ဦးနှင့် အတူနေထိုင်သော မိသားစုဝင်များအနက် အသက် (၄၄) နှစ်အရွယ် မိခင်တော်စပ်သူ နှင့် အသက် (၄၄) နှစ်အရွယ် ဖခင်တော်စပ်သူတို့သည် ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း ဝေဒနာများ ခံစားနေရကြောင်းတွေ့ရှိခဲ့ရသဖြင့် ၎င်းတို့ (၄) ဦးအား စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်၍ မောက်မယ်မြို့နယ်ပြည်သူ့ ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုများ ပေးလျက်ရှိပါသည်။ အဆိုပါ လူနာများအား စစ်ဆေးရာတွင် အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများ မတွေ့ရှိခဲ့ပါ။ ၄င်းတို့ထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။
၃။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့မှ (၅-၂-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့သော အသက် (၃၆) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၈-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ပင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရ သဖြင့် (၁၀-၂-၂၀၂၀) ရက်နေ့တွင် အဆိုပါလူနာအား မိုင်းခတ်မြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြပ် ကြည့်ရှု ကုသမှုများပေးလျက်ရှိပြီး ၄င်းထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ ရည်ညွန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် အခြား ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများမတွေ့ရှိခဲ့ပါ။
၄။ စင်္ကာပူနိုင်ငံမှ (၅-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး စင်ကာပူနိုင်ငံမှ 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲအတည်ပြုလူနာဖြစ်လာခဲ့သူ (၁) ဦး နှင့် စင်ကာပူနိုင်ငံတွင် နေထိုင်ခဲ့စဉ်က အနီးကပ်ထိတွေ့ခဲ့သည့် အသက် (၂၉) နှစ်အရွယ် အမျိုးသမီးအား (၉-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ရာ (၁၀-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ကိုယ်အပူချိန် မြင့်တက်လာသဖြင့် ၎င်းအားစောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားခန်းတွင် စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိပြီး ၄င်းထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် အခြားပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာလက္ခဏာများ မတွေ့ရှိခဲ့ပါ။
၅။ ယနေ့ (၁၀-၂-၂၀၂၀) ရက်နေ့၊ ညနေ (၈း၀၀) နာရီအချိန်အထိ သံသယလူ(၁)ဉီး အပါအ၀င် လူနာ (၂၀) ဉီးတို့အား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။
Ref:Ministry of Health and Sports, Myanmar