Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံသို့ တက်ရောက်ရန် ရုရှားနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် ဇွန်  ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ(Moscow Conference on Internati- onal Security-2021(MCIS-2021))သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲအား ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဉီးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay A.Listopadovနှင့် တာဝန်ရှိသူများက လေဆိပ်၌ လိုက်လံ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရုားနိုင်ငံစစ်သံမှူး Colonel Sergei Kurchenko နှင့် မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရအရာရှိများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

 ခရီးစဉ်အတွင်း (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေး ဆိုင်ရာညီလာခံ(MCIS-2021) သို့ ပါဝင်တက်ရောက်ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် တပ်မတော်(ရေ) ကိုယ်စားလှယ် အဖွဲ့သည် လည်း စိန့်ပီတာစဘက်မြို့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ (International Maritime Defence Show IMDS) သို့ ပါဝင်တက်ရောက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)