Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် အမှာစကား

အားလုံးမင်္ဂလာပါ -

ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်၊  မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

ယနေ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့မှာကျရောက်တဲ့ မြန်မာအမျိုးသမီးများအားလုံးအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့  မြန်မာအမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။

အမျိုးသမီးများနေ့နဲ့ပတ်သက်လို့ မကြာသေးမီက မတ်လ (၈)ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို မြန်မာနိုင်ငံမှာလည်း အခြားနိုင်ငံများနည်းတူ ကျင်းပခဲ့ပါတယ်။ ဒါကတော့ ၂၀ ရာစုအစောပိုင်းမှာ အမျိုးသမီးများရဲ့ အခွင့်အရေးများကို တောင်းဆို ခဲ့ကြရာမှအစပြုပြီး ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်မျှရှိတဲ့ အမျိုးသမီးထုကြီးကို ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာနေ့တစ်နေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက တရားဝင်အသိအမှတ်ပြုပြီး ကျင်းပပေးခြင်းဖြစ် ပါတယ်။

မြန်မာအမျိုးသမီးများနေ့ကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့တဲ့ ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာ အမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကို ပြန်လည်ကြည့်မယ်ဆိုရင် မိသားစု၊  လူ့အဖွဲ့အစည်း၊ နိုင်ငံနဲ့လူမျိုး အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနယ်ပယ်အသီးသီးမှာမြန်မာအမျိုးသမီးများဟာ အမျိုးသားများနဲ့ရင်ပေါင်တန်းပြီး လွတ်လပ်တက်ကြွစွာ ပါဝင်စွမ်းဆောင် ခဲ့တဲ့ အစဉ်အလာကောင်းများရှိခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။  လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်လုံးမှာလည်း လွတ်လပ်ရေး အတွက် အမျိုးသားများနဲ့ တန်းတူလက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသားရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ အမျိုးသမီး ခေါင်းဆောင်တွေဟာ မြန်မာအမျိုးသမီးထုတစ်ရပ်လုံး ဂုဏ်ယူမဆုံး ဖြစ်ရတဲ့ သမိုင်းမှတ်ကျောက်တွေပဲ ဖြစ်ပါတယ်။

လက်ရှိမျက်မှောက်ကာလမှာလည်း မြန်မာနိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်အသီးသီးမှာ ခေတ်အဆက်ဆက် ကြီးမားလေးနက်တဲ့  တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုတွေမှာ ဦးဆောင်နေကြတာတွေ့ရပါတယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကဏ္ဍအသီးသီးအတွက် ဖွဲ့စည်း ထားတဲ့ ကော်မရှင်နဲ့ကော်မတီများမှာ အမျိုးသမီးများပါဝင်နေတာကို တွေ့ရှိရမှာဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးကဏ္ဍမှာလည်း အမျိုးသမီး တွေပါ ပါဝင်ထမ်းရွက်နေကြပြီဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများနဲ့ အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ ကာကွယ်ရေး၊ လုံခြုံရေးစတဲ့ နယ်ပယ်အသီးသီးမှာပေါ်ထွက်ခဲ့တဲ့ ထူးချွန်ထက်မြက်တဲ့ မြန်မာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုနဲ့အတူ မြန်မာအမျိုးသမီးထုအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး အခုလို နိုင်ငံတော်အခမ်းအနားအဖြစ် ကျင်းပဂုဏ်ပြုရခြင်း ဖြစ်ပါတယ်။                  

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ခန့်မှန်းတွက်ချက်ထားမှုအရ ၂၀၂၁ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့ရှိ ခန့်မှန်း လူဦးရေ စုစုပေါင်း (၅၅.၁) သန်းခန့်ဟု သိရပါတယ်။ အမျိုးသားဦးရေ (၂၆.၄) သန်းခန့်နှင့် အမျိုးသမီးဦးရေ (၂၈.၇) သန်းခန့်ကို ခန့်မှန်းခဲ့တာ ကြောင့် အမျိုးသမီးပါဝင်မှု လူဦးရေမှာ (၅၂.၁၃) ရာခိုင်နှုန်း ဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ရှိကြောင်းတွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဉီးတည်ချက်များ အကောင်အထည်ဖော်ဖို့၊ နိုင်ငံတဝန်းလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ဖို့၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့စတဲ့ လုပ်ငန်းရပ်တွေ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ဆိုရင် အမျိုးသမီးတွေရဲ့ စွမ်းအားနဲ့ စွမ်းဆောင်မှုတွေဟာ အလွန်အရေးကြီးကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ကဏ္ဍပေါင်းစုံမှ အမျိုးသမီးတွေပါဝင်နိုင်ဖို့ အခွင့်အလမ်း ပေါင်းစုံနဲ့ တန်းတူညီမျှ လုပ်ဆောင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ကြောင်း ပြောကြားလိုပါတယ်။       

နိုင်ငံတော်ရဲ့ အဓိကစွမ်းအားစုကြီးဖြစ်တဲ့ မြန်မာအမျိုးသမီး များရဲ့ အခန်းကဏ္ဍကို တစ်ဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်စေဖို့၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တန်းတူညီမျှရရှိစေဖို့အတွက် ၁၉၉၅ ခုနှစ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများညီလာခံက အတည်ပြုချမှတ်ခဲ့တဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍကြီး (၁၂) ရပ်ပါဝင်တဲ့ ဘေဂျင်းကြေညာစာတမ်း (Beijing Declaration)နဲ့ ဘေဂျင်းလုပ်ငန်း စီမံချက်၊ ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (Convention on the Elimination of All forms of Discrimination Against Women-CEDAW)၊ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ(Sustainable Development Goals-SDGs) စတဲ့ နိုင်ငံတကာအဆင့် ကတိကဝတ် ပြုထားမှုတွေကိုလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနဲ့အညီ အကောင်အထည် ဖော်လျက်ရှိပါတယ်။

အဲ့ဒီလို အကောင်အထည်ဖော်တဲ့နေရာမှာ မြန်မာအမျိုးသမီး များရဲ့ စွမ်းဆောင်ရည်မြင့်မားရေးနဲ့ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုး တိုးတက်စေရေး ဦးဆောင်လမ်းညွှန်ဆောင်ရွက်သွားဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ နိုင်ငံတော်အဆင့်လုပ်ငန်းယန္တရားဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနဲ့ ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။

နယ်ပယ်ရပ်အားလုံးမှာ အမျိုးသမီးများ ဟန်ချက်ညီညီ ဖွံ့ဖြိုး လာစေရေးအတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ဦးစားပေးလုပ်ငန်း နယ်ပယ် (၁၂) ရပ်ကို အခြေခံပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသလို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)နဲ့လည်း ချိတ်ဆက်အကောင်အထည်ဖော်လျက်ရှိပါတယ်။ 

အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင် ကာကွယ်ရန်နဲ့ စောင့်ရှောက်မှုများပေးနိုင်ရန်အတွက်လည်း အမျိုးသမီး များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း) ရေးဆွဲ အတည်ပြုပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

မိမိတို့အနေနဲ့ မြန်မာအမျိုးသမီးထုကြီး တစ်ရပ်လုံးရဲ့ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ရှေ့ပိုင်းမှာ ပြောကြားခဲ့တဲ့ ပုံမှန်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသလို လက်ရှိအချိန်ကာလလို ကမ္ဘာ့ကပ်ရောဂါ COVID- 19 ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကနေ ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာမှာလည်း အမျိုးသမီး များနဲ့ သက်ဆိုင်တဲ့အခန်းကဏ္ဍကို နောက်ကျန်မနေစေဖို့ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (COVID-19 Economic Relief Plan-CERP) ကို ရေးဆွဲအကောင်အထည်ဖော်မှုတွေမှာလည်း ကျား၊ မ တန်းတူ ညီမျှမှုရရှိရေးနဲ့ ငယ်ရွယ်သူများအပါအဝင် အမျိုးသမီး များအားလုံး စွမ်းပကား တိုးမြှင့်စေရေးဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစား ထားကြောင်းကိုလည်း အသိပေးပြောကြားလိုပါတယ်။

ဒါ့ကြောင့် ကျား၊ မရေးရာတန်းတူ ညီမျှမှုနဲ့ ကျေးလက်မြို့ပြ ကွာဟချက်နည်းပြီး ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်ကာ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာနိုင်စေမယ့် လူမှုကာကွယ် စောင့်ရှောက်ရေး စနစ်များ၊ လူမှုရေးရာဝန်ဆောင်မှုများနဲ့လုပ်ထုံးလုပ်နည်းများကို ဆက်လက် ဖော်ထုတ်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ 

နိဂုံးချုပ်အနေနဲ့

-        အမျိုးသမီးများရဲ့ လူမှုဘဝဖွံ့ဖြိုးရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများ၊ စီမံချက်များဆောင်ရွက်ရာမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် အားလုံးဝိုင်းဝန်းအကောင်အထည်ဖော်ဆောင် ပေးကြပါ။

-        ဒီလိုအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်ကြစေဖို့ နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်သူများနဲ့ အမျိုးသမီး ထုကြီးကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါ။

-        မြန်မာအမျိုးသမီးများသည် အမျိုးသားတွေနဲ့ရင်ပေါင်တန်းပြီး ကဏ္ဍစုံမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ အမျိုးသမီးတိုင်း စာတတ် မြောက်ရေး၊ အသိဉာဏ်ဖွံ့ဖြိုးရေး၊ ဗဟုသုတ လေ့လာ ပြည့်စုံစေရေး၊ ကိုယ်ရည်ကိုယ်သွေးပြည့်ဝရေးကို ကြိုးပမ်း အားထုတ်ကြပါ။ 

-        ခေတ်အဆက်ဆက်က စွမ်းရည်ထက်မြက်ကြတဲ့ မြန်မာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေကို လေးစားဂုဏ်ယူ အားကျအတုယူပြီး မျိုးဆက်သစ် မြန်မာအမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုနဲ့ စွမ်းရည်မြင့်မားရေးကို ဦးတည်ကြိုးပမ်း အားထုတ်ပေးကြပါလို့ အလေးအနက်တိုက်တွန်းမှာကြား အပ်ပါတယ်။

စွမ်းဆောင်ရည်ပြည့်ဝတဲ့ မြန်မာအမျိုးသမီးများ တိုးပွား သည်ထက်တိုးပွားပြီး နိုင်ငံနဲ့လူမျိုးအကျိုးကို မြင့်မားသည်ထက် မြင့်မား ရလေအောင် ဆောင်ရွက်နိုင်ကြပါစေ။

အားလုံးကိုကျေးဇူးတင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ