နေပြည်တော် ဇူလိုင် ၂၃
ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဗဟိုမှ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း စိုးရိမ်လွန်ကဲမှုမဖြစ်စေရန် အသိသတိဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ ရောဂါလက္ခဏာဖြစ်ပေါ် လာသူများအနေဖြင့် ဒေသန္တရဆေးခန်း၊ ဆေးပေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာ ဆေးရုံများ၊ စောင့်ကြည့်လူနာ လက်ခံစင်တာများ၊ အတည်ပြုလူနာလက်ခံစင်တာများသို့ သွားရောက်ပြသကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
အသိသတိဖြင့် ထိန်းသိမ်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကူးစက်မှုသည် မြင့်မားလာသည့် အနေအထားတွင်ရှိပြီး ရောဂါဗီဇ ၂ မျိုး၊ ၃ မျိုးကွဲပြားလျက်ရှိသည်ကို တွေ့ရှိနေရကြောင်း၊ ကူးစက်ပြန့်ပွားမှုနှုန်းအနေဖြင့်လည်း ၂ ဆမှ ၄ ဆ၊ ၄ ဆမှ ၈ ဆအထိ မြန်ဆန်မှုရှိနေ သည်ကို တွေ့ရှိရကြောင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဗဟိုမှ ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင်လည်း အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူဦးရေ ထူထပ်သိပ်သည်းသည့် ဒေသများတွင် အထူးဂရုပြု အလေးထား ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်သော်လည်း အစိုးရိမ်လွန်ကဲမှုမဖြစ်စေရန် အသိသတိဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
တစ်နိုင်ငံလုံးရှိ ရောဂါကူးစက်ဖြစ်ပွားမှုများ၊ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ဆောင်ရွက် နေမှုများကို နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှလည်း ရောဂါကူးစက်ဖြစ်ပွားမှု၊ ကူးစက်ခံရမှု၊ သေဆုံးမှု၊ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ဖြစ်စဉ်အမှန်အတိုင်း ဒေသခံလူထုသိရှိအောင် အချိန်နှင့်တစ်ပြေးညီ ပြန်ကြားပေးနိုင်ရမည်ဖြစ်ကာ သတင်းအမှန်များကို သိရှိရခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှုများကို လျှော့ချပေးနိုင်ရမည်ဖြစ်ကြောင်း။
သုတေသနလုပ်ငန်းများ ဆောင်ရွက်
ပြည်သူလူထုအနေဖြင့် အောက်ဆီဂျင်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေပြီး ဒေသန္တရ ဆေးခန်းများ၊ ဆေးပေးခန်းများ၊ ဆေးရုံများသို့ မသွားရောက်ဘဲ မိမိတို့၏ အိမ်တွင်း၌ပင် ကြိတ်၍ ကုသမှုများပင် ရှိနေကြောင်း၊ ထိုသို့ပြုလုပ်ခြင်းသည် ရောဂါ၏ အတိမ်အနက်ကို မသိရှိနိုင်ဘဲ အန္တရာယ်ဖြစ်ပေါ်လာနိုင်သည့်အတွက် ဒေသန္တရ ဆေးခန်း၊ ဆေးပေးခန်းများမှ ကျန်းမာရေး ဝန်ထမ်းများ၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာဆေးရုံများ၊ စောင့်ကြည့် လူနာလက်ခံစင်တာများ၊ အတည်ပြုလူနာလက်ခံ စင်တာများသို့ သွားရောက်ပြသကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါပိုးသည် တစ်နေရာနှင့်တစ်နေရာ ရောဂါဖြစ်ပွားပုံခြင်း တူညီမှုရှိမည်မဟုတ်ဘဲ အကင်းသေမည့် ရောဂါမဟုတ်ကြောင်း သိရှိရသဖြင့် သုတေသန လုပ်ငန်းများဆောင်ရွက်ပြီး ရေရှည်စဉ်းစား ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သုတေသနပြုလုပ်ရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တို့ရှိ သုတေသနဌာနများမှသာလျင် research လုပ်နိုင်မည်မဟုတ်ဘဲ ဆေးရုံအသီးသီးများမှလည်း ဖြစ်ပေါ်ပုံအဆင့်ဆင့်ကို စနစ်တကျမှတ်တမ်းတင်ထားရန် လိုအပ်ပြီး လုပ်ဆောင်နိုင်သည့် နယ်ပယ်မှတစ်ဆင့် တတ်နိုင်သရွေ့ ဝိုင်းဝန်းလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း။
ကိုဗစ်ရောဂါသည် ရေရှည်ဖြစ်ပေါ်နေနိုင်သည့် ရောဂါဖြစ်သဖြင့် ရောဂါကာကွယ် ဆေးကို မိမိတို့နိုင်ငံတွင်ထုတ်လုပ်နိုင်ရေးလုပ်ဆောင်နေခြင်းဖြစ်ပြီး မိမိ၏ ရုရှားခရီး စဉ်၌ ဆွေးနွေး ခဲ့ကြောင်း၊ ယခင်ကဖြစ်ပေါ်ခဲ့သည့် အသည်းရောင်အသားဝါပိုး၊ ငှက်ဖျား ရောဂါပိုးတို့ကို မိမိတို့ နိုင်ငံ၌ ကာကွယ်ဆေးထုတ်လုပ်ဆောင်ရွက် နိုင်ခဲ့သကဲ့သို့ ယခုလည်း လုပ်ဆောင်နိုင်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ကာကွယ် ကုသဆေးများကို သုတေသနပြုလုပ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဆေးရုံများသည် ကိုဗစ်ရောဂါ ကိုသာမက အခြားရောဂါများကိုလည်း ကုသနေကြရကြောင်း၊ ကိုဗစ်ရောဂါသည် အရေးကြီး သည်ဖြစ်သော်လည်း အခြားရေရှည်ကုသပေးရမည့် ရောဂါများ ကုသရာတွင် လစ်ဟင်းမှု မရှိစေရေးအတွက်လည်း စဉ်းစားလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
အမျိုးသားရေးကိစ္စရပ်ဖြစ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများသည် အမျိုးသားရေးကိစ္စရပ် ဖြစ်သဖြင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်များမှ ပျက်ကွက်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများနှင့်ပတ်သက်၍ ပြောကြားရာတွင် “တစ်ဖက်က ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ် တစ်ချို့ကလည်း CDM လုပ်ထားတဲ့အတွက်ကြောင့် မလာကြဘူး၊ ကျွန်တော်လည်း အကြိမ်ကြိမ် အခါခါ ဖိတ်ခေါ်တယ်၊ ခင်ဗျားတို့လာကြပါ။ ဒါ လူမှုရေးကိစ္စဖြစ်တယ်၊ နိုင်ငံ့အရေးကိစ္စဖြစ်တယ်၊ အမျိုးသားရေးကိစ္စဖြစ်တယ်၊ ကူညီရအောင်ပြောတယ်၊ တစ်ချို့လည်းလာကြတာရှိတယ်၊ တစ်ချို့လည်းအကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တာလည်းရှိပါတယ်၊ ကျွန်တော် ထပ်ပြီး မေတ္တာရပ်ခံပါတယ်…. ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်အားလုံး တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောလိုတယ်၊ ဆေးရုံတွေမှာ ကျန်းမာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော်ပြောလိုပါတယ်” ဟု ပြောကြားသည်။
အောက်ဆီဂျင်လုံလောက်စွာရရှိရေး
ယင်းနောက် အရေးပေါ်လူနာများကို အချိန်မီပို့ဆောင်နိုင်ရေး လိုအပ်မည်ဖြစ်သဖြင့် လူနာတင် ယာဉ်များ၏ ကြံ့ခိုင်မှုကိုလည်း တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက် နေရန်လိုအပ်မည် ဖြစ်ကြောင်းနှင့် တာဝန်ကို ခွဲဝေပေးထားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အောက်ဆီဂျင် လုံလောက်စွာရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်ပမှလည်း အထူးအစီအစဉ် တစ်ရပ်အနေဖြင့် မှာယူတင်သွင်းလျက်ရှိသဖြင့် စနစ်တကျသုံးစွဲရန်နှင့် သိုလှောင်မှုနှင့် ပတ်သက်၍လည်း ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြောက်ဥက္ကလာပ ဆေးရုံတွင် အောက်ဆီဂျင်ပိုက်လိုင်းများ ဖျက်ဆီးခံရသည်ဟုကြားသိရပြီး ဟုမ္မလင်းဆေးရုံတွင် လည်း အကြောင်းမဲ့လုပ်ငန်းခွင် ပျက်ကွက်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းအချို့က အောက်ဆီဂျင် အိုးများကို သိုဝှက်ထားခဲ့သည်ဟုသိရှိရကြောင်း၊ ထိုကဲ့သို့ လုပ်ရပ်များသည် အတွေးအခေါ်မဲ့ပြီး စာနာမှုကင်းမဲ့သည့် လုပ်ရပ်များပင်ဖြစ်ပြီး ဆေးရုံများအနေဖြင့်လည်း လူနာများ၏ ကျန်းမာရေး အတွက် လုံခြုံရေးတင်းကြပ်စွာလုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
ကျန်းမာရေးအသိပညာပေး
ရောဂါဖြစ်ပွားမှုလက္ခဏာသည် တစ်ဦးနှင့်တစ်ဦးတူညီမှုမရှိသဖြင့် ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများကို ရုပ်မြင်သံကြား၊ ရေဒီယိုတို့မှ ထုတ်လွှင့်သည်သာမက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟောပြောမှုများ၊ လက်ကမ်း စာစောင်များဖြင့်လည်း ကျန်းမာရေး အသိပညာပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသိပညာပေး ဆောင်ရွက်မှုများကြောင့် ပြည်သူလူထုအနေဖြင့် လိုက်နာမှု အားကောင်းလာသည်ကို တွေ့ရှိရပြီး ၁၇ ရက်နေ့အထိ အများနှင့်သက်ဆိုင်သည့် နေရာများ၊ လုပ်ငန်းခွင်များသို့ သွားလာမှုများ သိသိသာသာ လျော့ကျလာသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း အသိစိတ်ဖြင့် သွားလာလှုပ်ရှား နေထိုင်ကြစေရေး ပညာပေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းတွင် ဆေးပညာရှင်တစ်ဦးက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထောက်ပြမှုများကို တွေ့ရှိ ရပြီး ကူးစက်မှုမှာ လူမှတစ်ဆင့်သာ ကူးစက်ခြင်းရှိပြီး ၎င်း၏ပြောကြားချက်သတင်းစကားကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ထပ်ဆင့်ဖြန့်ဝေ ပေးသွားမည်ဖြစ် ကြောင်း၊ မှန်ကန်သည့် အသိပညာများ ရရှိစေလိုခြင်းဖြစ်ပြီး စိုးရိမ်ပူပန်မှုကို လျော့ကျ စေလိုခြင်းကြောင့်ဖြစ်ပါကြောင်း၊ အသက်အန္တရာယ်နှင့်ဆိုင်သည့် ကိစ္စရပ်များဖြစ် သဖြင့် ကောလာဟလ ရေးသားခြင်းများမပြုလုပ်ကြရန် မည်သို့ပင်မေတ္တာရပ်ခံလျက်ရှိ သော်လည်း ကောလာဟလသတင်းများ ဆက်လက်ပြန့်ပွားလျက်ရှိသဖြင့် အခြေအနေမှန်များ ကို သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ အောက်ခြေသတင်းအမှန်၊ အခြေအနေမှန်များကို အချိန်နှင့် တပြေးညီ တင်ပြမှသာလျင် ဗဟိုမှ ဖြေရှင်းဆောင်ရွက် နိုင်မည်ဖြစ်သောကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို သိရှိအောင် ဆောင်ရွက်ပြီး တင်ပြကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အခြားလိုအပ်ချက်မှန်သမျှကို တတ်စွမ်း သရွေ့ ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားသည်။
ထို့နောက် ရောဂါကာကွယ်ဆေးများ ရောက်ရှိမှုနှင့် အခြားဆေးရုံသုံးပစ္စည်းများ ရောက်ရှိမှု၊ ထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် “တရုတ်နိုင်ငံကနေ လှူဒါန်းတဲ့ဆေး ၇၃၆၀၀၀ မနေ့က ရောက်လာပါတယ်၊ အဲ့ဒါကိုဒီနေ့ ကစပြီး ဖြန့်ပြီးတော့ ဆေးထိုးဖို့ ဆောင်ရွက် နေပါတယ်၊ ဒီနေ့လည်းရောက်ပါမယ်။ မနက်ဖြန် လည်း ရောက်ပါမယ်။ ဩဂုတ်လပထမပတ်အထိ ၄ သန်းရောက်ဖို့ရှိပါတယ်၊ တောက်လျှောက် ကျွန်တော်တို့ပေးပါမယ်၊ အဓိကလက်ဝယ် ရောက်လာလို့ရှိရင် ဒါတွေကိုအမြန်ဆုံး ထိုးနိုင်ဖို့ အတွက် ကြိုးစားပေးပါမယ်၊ ကျွန်တော်တို့က နှစ်ပတ်ခြားပြီးမှ ထိုးရတဲ့ အတွက်ကြောင့် နောက်ထပ်နှစ်ပတ်ခြားတဲ့ အချိန်မှာ ဆေးရအောင် ကျွန်တော် ကြိုးစားပါမယ်၊ လက်ထဲမှာ Risk ယူပြီးတော့မှ အရံချန်ထားတာတွေဘာတွေ သိပ်မလုပ်ဘဲနဲ့ များများ First Dose ကို ထိုးနိုင်ဖို့လိုတယ်၊ ဒါလေးတွေလည်း ဉက္ကဋ္ဌများကို ကျွန်တော်ပြောလိုပါတယ်၊ ကျွန်တော်တို့ အနေနဲ့ ကိုဗစ်နဲ့ပတ်သက်လို့ရှိရင် ငွေရေးကြေးရေးကိစ္စရပ်ကအစ ဘာကန့်သတ်ချက်မှ မထားပါဘူး၊ ဆိုလိုတာက ဆေးရုံတက်ကုသဖို့အတွက် ဆေးတို့ ဘာတို့ဝယ်တာအပြင်ကို ဆေးရုံအတွက် လိုအပ်တဲ့ အခြားပစ္စည်းတွေပါတယ်၊ ဥပမာ အားဖြင့် Mask လိုဟာမျိုးတွေ၊ လက်အိတ်လိုဟာမျိုးတွေ၊ PPE လိုဟာမျိုးတွေ၊ နောက်ဆုံးစားစရာသောက်စရာ တွေကအစ လူနာကို စိတ်အားငယ်စေရအောင် ဘာမှမဖြစ်ပါစေနဲ့၊ သူတို့ အတတ်နိုင် ဆုံးတစ်နေ့ တစ်နေ့ မှာတော့ သူတို့အပေါ်မှာ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဆေးဝါးကုသတာကို ခံဖို့အတွက် မျှော်မှန်းပြီး ဆောင်ရွက်ဖို့လိုပါတယ်၊ အဲ့ဒီတော့ ဒါနဲ့ပတ်သက်ပြီး ဘာကန့်သတ်ချက်မှ ကျွန်တော်တို့မထားဘူးဆိုတာကို အားလုံးကိုအသိပေးလိုပါတယ်” ဟု ပြောကြားသည်။
ဦးစားပေးအုပ်စုခွဲ၍ ထိုးနှံပေးမည်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနေဖြင့် စတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်အထိ ၂ သိန်း ၅ သောင်းကျော်ရှိပြီဖြစ်ပြီး သေဆုံးသူ ၆၁၀၀ ကျော်ရှိပြီဖြစ်သည့်အခြေအနေ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုမှလည်း ပိုမိုပူးပေါင်းဆောင်ရွက်လာသည့်အတွက် နောက်ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ရောဂါကူးစက်မှုနှုန်း လျော့ကျလာနိုင်မည့် အခြေအနေ၊ ကာကွယ်ရေးလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့် ကာကွယ်ဆေးထိုးနှံမှုကို စနစ်တကျ ဖြစ်စေရေးအတွက် အိုင်တီနည်းပညာဖြင့် စာရင်းသွင်းပြုစုနိုင်ရေးအတွက် တပ်မတော်မှ ကွန်ပြူတာပညာရှင်များဖြင့် ဆော့ဝဲပြုလုပ်လျက်ရှိပြီး လွယ်လွယ်ကူကူဖြင့် သုံးစွဲနိုင်ရေး လုပ်ဆောင်ထားရှိကာ ပြည်နယ်နှင့် တိုင်းများရှိ ရောဂါတုံ့ပြန် ရေးအဖွဲ့များ သို့လည်း ဆက်လက်ဖြန့်ဝေပေးသွားမည့် အခြေအနေ၊ ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် သေဆုံးမှုကိုလျှော့ချနိုင်ရေး ဦးစားပေးအုပ်စု၊ ရောဂါကူး စက်ပြန့်ပွားမှုကို တားဆီးရေးအတွက် လိုအပ်သည့်အုပ်စု၊ ကိုဗစ်ကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုကို ဖြစ်ပွားစေနိုင်မည့် ဦးစားပေး အုပ်စုဟူ၍ ခွဲခြား၍ ဦးစားပေး ထိုးနှံပေးသွားမည့် အခြေအနေ၊ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးအတွက် စောင့်ကြည့်လူနာထားရှိရေး စင်တာများနှင့် အတည်ပြုလူနာ ထားရှိရေး စင်တာများ ကို ထပ်မံတိုးချဲ့ လက်ခံကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ရံပုံငွေမှ သုံးစွဲထားရှိမှု အခြေအနေ၊ လေကြောင်းလိုင်းများ၊ နယ်စပ်ဒေသများ၊ ဆိပ်ကမ်းများ၊ နယ်စပ် ဂိတ်များမှတဆင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ပစ္စည်းများကို တင်သွင်းလျက် ရှိသည့် အခြေအနေနှင့် လူ့ကျန်းမာရေးနှင့် သက်ဆိုင်သောပစ္စည်းများဖြစ်၍ အချို့ သော FDA ခွင့်ပြုချက်မရှိသည့် ပစ္စည်းများကို စိစစ်ရန်လိုအပ်သည့် အခြေအနေ၊ အိမ်နီးချင်းနိုင်ငံများ တွင်လည်း ကူးစက်ပြန့်ပွားမှုနှင့် အောက်ဆီဂျင်လိုအပ်ချက် မြင့်တက်လာသည့်အတွက် ပြည်တွင်းရှိ Oxygen plant များတွင် တိုးချဲ့ထုတ်လုပ်နိုင်မည့် အခြေအနေ၊ ဝေးလံခေါင်ဖျား ဒေသများတွင် အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်ဆောင်ရွက်ပေးလျက်ရှိမှု အခြေ အနေ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ပတ်သက်၍ လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း၊ မီးရထား နှင့် ကုန်းလမ်းပို့ဆောင်ရေးတို့ကို ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး ခရီးသည်လျော့ပါးမှုအပေါ် မူတည်၍ အခေါက်ရေ လျော့ချပြေးဆွဲလျက်ရှိသည့် အခြေအနေ၊ ကျန်းမာရေးဆိုင်ရာ အသိ ပညာပေးမှုများကို နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိက ရုပ်သံလိုင်းများမှလည်း အသိပညာပေးလျက်ရှိသည့် အခြေအနေ၊ မီဒီယာအချို့၏ ကိုဗစ်ရောဂါကို အသုံးချ၍ သတင်းမှား ထုတ်လွှင့်နေမှုနှင့် သတင်းမှန်ပြန်ကြားနိုင်ရေး အချိန်နှင့်တပြေးညီ ဆောင်ရွက်နေမှု အခြေအနေ၊ ထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများ ထိုးနှံရေးအတွက် လူထုအား အသိပညာပေး လှုံဆော်ဆောင်ရွက်သွားမည့် အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ရောဂါကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများတွင် တပ်မတော်ဆေးတပ်ဖွဲ့ ဝင်များ ပါဝင်ထမ်းဆောင်နေမှု အခြေအနေ၊ ကာကွယ် ဆေးထုတ်လုပ်နိုင်ရေးနှင့် ပတ်သက်၍ ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကောင်စီများအနေဖြင့် အောက်ခြေတွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေမှန်များကို အချိန်နှင့် တစ်ပြေးညီ တင်ပြရန်၊ သတင်းအချက်အလက်များ မှန်ကန်စွာရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆွေးနွေးဆောင်ရွက်ကြရန်လိုအပ်သည့် အခြေအနေ၊ ဒေသအလိုက် ဖွင့်လှစ်ထား သည့် စောင့်ကြည့်လူနာလက်ခံစင်တာများနှင့် အတည်ပြု လူနာလက်ခံစင်တာများ၏ လိုအပ်ချက် များကို စောင့်ကြည့်ဖြည့်ဆည်းဆောင်ရွက်ပေး ရန်လိုအပ်သည့် အခြေအနေ၊ ကျန်းမာရေးနှင့် စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။
Oxygen များ စနစ်တကျထိန်းသိမ်း
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပို့ဆောင်ဆက်သွယ်ရေးနှင့် ပတ်သက်၍ ရပ်တန့်၍မရဘဲ ပြတ်တောက်မှု မရှိစေရေး အတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုနှင့် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများတွင် ပါဝင်နေသည့် အခြေခံဝန်ထမ်းများ၏ ကျန်းမာရေးဆိုင်ရာကိစ္စ ရပ်များ ကိုလည်းဦးစားပေးဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ ကောလာဟလသတင်းများ ထုတ်လွှင့် နေမှုများကို သတင်းမှန်ပြန် ကြားရုံသာမက သတင်းမှားထုတ်လွှင့်သည့် သတင်းဌာနများကိုပါ ပြင်းထန်စွာ တုန့်ပြန်ကန့်ကွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း ဆေးဝါးများ အား ပုံမှန်ထက် ပိုမို၍ဈေးတင်ရောင်းချနေသည့် အခြေအနေများကို ထိန်းချုပ် ဆောင်ရွက်ရန် လိုကြောင်း၊ ပြည်ပမှဝင်ရောက်လာသည့် Oxygen များကို စနစ်တကျ ထိန်းသိမ်း၍ ဖြန့်ဝေပေး နိုင်ရေးအတွက် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လိုအပ်နေသည့် Test kit များကို တပ်မတော် ရဟတ်ယာဉ်ဖြင့် အမြန်ဆုံးပို့ဆောင် ပေးသွားရန် လိုကြောင်း၊ ဟိုတယ် Quarantine များအတွက် လိုအပ်သည့် SOP ကို တိတိကျကျ ထုတ်ပြန်ပေးသွားရန်နှင့် လုံလောက်သည့် ဆေးအကာအကွယ်နှင့် အောက်ဆီဂျင်ရရှိရေး အတွက် ဌာနများ အချင်းချင်း ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောက်ရှိ လာသည့် ကာကွယ်ဆေးများ ထိုးနှံရေးဆောင်ရွက်ရာတွင် First Dose ကို အမြန်ဆုံး ထိုးနှံပြီး ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများကိုလည်း အချိန်မီထိုးနှံ ပေးနိုင်ရေး စီမံဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသော်လည်း ၇၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ထိုးနှံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဖြည့် စွက်ဆွေးနွေးပြောကြားသည်။
ပရဟိတစိတ်ဓာတ်ဖြင့် ပါဝင်ကူညီ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ကာကွယ်ကုသ ထိန်းချုပ်ရေး လုပ်ငန်းများ တွင် လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများသည် လူထုနှင့် ထိတွေ့သည့်အဖွဲ့ အစည်းများ ဖြစ်သဖြင့် နိုင်ငံရေးရည်မှန်းချက်မပါဘဲ ပရဟိတစိတ်ဓာတ်ဖြင့် ပါဝင်ကူညီဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပြီး အခြားလူမှုရေး အဖွဲ့အစည်းများအနေဖြင့်လည်း ရောဂါကာကွယ်ရေးဆိုင်ရာ များ၊ အသိပညာပေးမှု ဆိုင်ရာများတွင် ဝိုင်းဝန်းပါဝင်ဆောင်ရွက်မည်ဆိုပါက ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ကုသရေးနှင့် ပတ်သက်၍ အချို့သော ကုသရေး စင်တာများ၊ ဆေးရုံဆေးခန်းများနှင့် ဆက်သွယ်နိုင်ရေး ကြေညာထားသည့် ဖုန်းနံပါတ်များသည် အကြောင်းအမျိုးမျိုးကြောင့် အကူအညီလိုအပ်၍ ဆက်သွယ်ပါက ဆက်သွယ်၍ မရကြောင်းသိရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက် ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
တာဝန်ရှိသူများက လမ်းညွှန်ပေးနေရန်လို
Quarantine စင်တာများနှင့် ပတ်သက်၍ တပ်မတော်နှင့် အရပ်ဘက်တို့တွင် စုစုပေါင်း ၂၃၂၇ နေရာဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍လည်း တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ Quarantine စင်တာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများသာမက တပ်မတော်မှဆေးမှူး ပါရဂူများအပါအဝင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း အင်အား ၃၀၀၀၀ ကျော်ဖြင့် ဆေးအကာအကွယ်ပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသအလိုက် Quarantine စင်တာများ ထပ်မံဖွင့်လှစ်ရန်လိုအပ်ပါကလည်း ဗဟိုသို့ တင်ပြဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အတည်ပြုလူနာများထားရှိသည့် နေရာများကိုလည်း ပြည်သူများမှ အလွယ် တကူသိရှိစေရန်အတွက် တာဝန်ရှိသူများက လမ်းညွှန်ပေးနေရန်လိုအပ်ကြောင်း၊ ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကူးစက်ဖြစ်ပွားမှု တို့တွင် လူသေဆုံးမှု ၂ ရာခိုင်နှုန်းကျော်ခန့်သာ ရှိခဲ့ပြီး လက်ရှိ ဖြစ်ပွားလျက်ရှိသည့် တတိယလှိုင်းတွင် ၂ ဒဿမ ၃၄၆ ရာခိုင်နှုန်းမျှသာရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရောဂါကြောင့် ကွယ်လွန်သွားသူများကိုလည်း စနစ်တကျ သင်္ဂြုလ်ပေး သွားရန် လိုအပ်ကြောင်း၊ သင်္ဂြုလ်ရေး လုပ်ဆောင်ရသည့် ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများ အနေဖြင့်လည်း ကာကွယ်ရေးပစ္စည်းများကို ပြည့်စုံစွာ ဝတ်ဆင်၍ ရောဂါထပ်မံ ကူးစက်ပြန့်ပွားမှု မရှိစေရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း။
လူမှုကွန်ရက်စာမျက်နှာများတွင် ကိုဗစ်ကြောင့် ဖြစ်ပေါ်နေမှုများကို နိုင်ငံရေးအရ အသုံးချမှုများ ရှိနေသည့်အတွက် သင့်လျော်မှုမရှိသည်ကို ပြောကြားလိုကြောင်း၊ ဆေးရုံအသီးသီးတွင် အောက်ဆီဂျင်လုံလောက်မှု ရှိနေရန် လိုအပ်မည်ဖြစ်ပြီး အောက်ဆီဂျင်များ အမြဲပေးဝေနိုင်ရေး လည်ပတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဆေးရုံအသီးသီးရှ ိအောက်ဆီဂျင်အိုးများ၊ Oxygen plant များ၏ system များကိုလည်း အမြဲမပြတ် စစ်ဆေးဆောင်ရွက်နေရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု အခြေအနေများ နှင့် ပတ်သက်၍ ပြောကြားရာတွင် “ ဒီမှာရှိနေတဲ့ဆရာဝန်တွေနဲ့ပတ်သက်ပြီးတော့ သူတို့လည်း စိတ်ဓာတ် ချမ်းမြေ့စွာ လုပ်နိုင်ဖို့လည်းလိုပါတယ်၊ သူတို့ကိုလည်း အားပေးပါတယ်၊ အသိအမှတ်လည်း ပြုပါတယ်၊ တချို့ဆေးရုံတွေမှာကြတော့ ဆရာဝန်တစ်ယောက်စ နှစ်ယောက်စရှိတယ်၊ တချို့ ဆေးရုံတွေမှာ ကြတော့ဆရာဝန် လေးငါးခြောက်ယောက်ရှိတယ်၊ ဒီဘက်ဆေးရုံကမဟုတ်တော့ ဟိုဘက်ဆေးရုံကဆိုပြီး ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးသွားလုပ်လို့မရဘူး၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်း ကျန်းမာရေးမှူးတွေနဲ့ ညှိနှိုင်းပြီးတော့မှ သူတို့ကို ဒီဆေးရုံတော့သွားလုပ်ပေးပါ၊ သွားလုပ်လို့ရပါတယ်၊ မလုပ်နိုင်စရာအကြောင်းလည်းမရှိဘူး၊ ငြင်းမှာလည်းမဟုတ်ဘူး၊ ကျွန်တော်တို့ စီမံပေးဖို့ပဲလိုပါတယ်၊ တချို့ဆေးရုံတွေမှာ လူနာများပြီး ဆရာဝန်ကနည်း နေတယ်၊ ဆရာဝန်မရှိဘူးမဟုတ်ဘူးရှိတယ်၊ နည်းနေတယ်၊ အဲ့ဒီတော့ ဆရာဝန်များနေတဲ့ နေရာကနေပြီးတော့ မျှပြီးတော့ ထည့်ပေးတတ်ဖို့အတွက် စီမံခန့်ခွဲရေးနည်းလမ်းအရ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ အရေးအကြီးဆုံးကတော့ စီမံခန့်ခွဲမှုကောင်းမွန်ခြင်းပါ၊ စီမံခန့်ခွဲမှု ကောင်းလို့ရှိရင် လုပ်ငန်းတစ်ခုကို အဆင်ပြေပြေဆောင်ရွက်နိုင်မယ်၊ စီမံခန့် ခွဲမှုကောင်းအောင် လုပ်နိုင်ခြင်းဆိုတာလည်း စုပေါင်းတိုင်ပင်ပြီး လုပ်တာကောင်းပါတယ်၊ တစ်ယောက်ထဲ လုပ်နေလို့မရဘူး၊ စုပေါင်းတိုင်ပင်ပြီးလုပ်တာဘဲကောင်းတယ်၊ ဒီကိစ္စသည်လည်း စီမံခန့်ခွဲမှု ကောင်းအောင် စုပေါင်းလုပ်ရုံတင်မဟုတ်ဘဲ ပြည်သူလူထု နဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုတယ်၊ ဒီကြားထဲမှာလည်း ကြားဖြတ်လုပ်ရမဲ့ ဆက်သွယ်ရမဲ့အဖွဲ့အစည်းက ဘာလည်း ဆိုတော့ စောစောကကျွန်တော်ပြောတဲ့ လူမှုရေးအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေဘဲ၊ သူတို့က နေပြီးတော့ ပြည်သူနဲ့အုပ်ချုပ် ရေးအဖွဲ့အစည်းတွေကြားထဲမှာ ပေါင်းစပ်ပေးဖို့လိုတယ်၊ ဒီလို ပေါင်းစပ်ပေးမယ်ဆိုရင် လုပ်ငန်းက များများ Function ဖြစ်ပါတယ်၊ ဒါကိုလည်းအားပေး ဆောင်ရွက်ကြဖို့ ပြော လိုပါတယ်” ဟုပြောကြားသည်။
ဆက်လက်ပြီး ယနေ့မှစ၍ ဝါတွင်းကာလသို့ ရောက်ရှိပြီဖြစ်သဖြင့် ဘုန်းတော် ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ ဆွမ်း၊ ကွမ်း မှအစ အဆင်ပြေအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း၊ မိမိတို့၏ ဘာသာသာသနာအား အဆက်မပြတ်အောင် အလေးထား ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အခြားဘာသာရေးကျောင်းများ၏ လိုအပ်ချက် များကိုလည်း ကြည့်ရှုဆောင်ရွက်ပေးသွားရန် လိုအပ်မည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)