Skip to main content

စာပေနှင့် သတင်းမီဒီယာဖွံ့ဖြိုးရေးဆိုင်ရာနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဟောပြောဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မတ် ၁

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး စာပေနှင့်သတင်းမီဒီယာဖွံ့ဖြိုးရေးဆိုင်ရာနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ကောင်စီဝင်များ မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်စာရေးဆရာအသင်းများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် စာရေးဆရာအဖွဲ့ဝင်များ၊ ရန်ကုန်မြို့အခြေစိုက် တရားဝင်သတင်းမီဒီယာအသီးသီးမှ သတင်းသမားများ၊ အယ်ဒီတာများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က စာပေလောက၊ သတင်းမီဒီယာလောကအတွက် အရေးကြီးသည့် သစ္စာတရားနှင့် ကျင့်ဝတ်များအကြောင်းကို ဟောပြောပြီး သတင်းတု၊ သတင်းမှားများ ဖြန့်ချိနေသည့် သစ္စာမဲ့သတင်းဌာနများ၏ သတင်းများကို မယုံကြည်ကြရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်သည် နိုင်ငံသားတိုင်းတွင် ရှိသင့်ရှိအပ်သည့် မွေးရာပါစိတ်ဓာတ်ဖြစ်ကြောင်း ဟောပြောသည်။ 

ဆက်လက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေပါ အကြောင်းအရာများနှင့် ကောလာဟလသတင်းများ၊ သတင်းတုများအကြောင်း ဆွေးနွေးသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကောင်စီဝင် ပါမောက္ခ ဒေါက်တာမြသိန်းဟန်က ပြည်သူများအနေဖြင့် တိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုးစေရန် ဆွေးနွေးပြောကြားသည်။ 

ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က တက်ရောက်လာသူများနှင့် ဟောပြောဆွေးနွေးခဲ့ကြသူများအား ကျေးဇူးတင်​ကြောင်း ​ပြောကြားသည်။

သတင်းစဉ်