နေပြည်တော် ဒီဇင်ဘာ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H . E. Mr. Bounphieng CHANTHAVONG သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထို့နောက် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ ချစ်ကြည်ရေးတံတားမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ ကူးလူးဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံနှင့် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်နိုင်မည့် အခြေအနေများ၊ အပြန်အလှန် ကုန်သွယ်မှုများမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက် လေကြောင်းတိုက်ရိုက်ပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ ပညာတော်သင်များ အပြန်အလှန်စေလွှတ်လျက်ရှိမှုနှင့် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်