မန္တလေး ဖေဖော်ဝါရီ ၂၅
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ အများပြည်သူ အပန်းဖြေအနားယူနိုင်မည့် ပန်းဥယျာဉ်တစ်ခုကို သိပ္ပံလမ်းနှင့် ၇၈ လမ်း ဆင်ဖြူကန်ကွင်းအတွင်း၌ ဖွင့်လှစ်ထားရှိပြီး မြမာလာဥယျာဉ်ဟု အမည်ပေးထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် (၂၁) ကြိမ်မြောက် သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ/ ပြိုင်ပွဲကျင်းပရန် နှစ်လခန့်အလိုက ဥယျာဉ်တည်ဆောက်ခဲ့ပြီး အများပြည်သူအပန်းဖြေအနားယူနိုင်မည့် ပန်းဥယျာဉ်အဖြစ်ဆက်လက်ထားရှိသည်ဟု ဆိုသည်။
“လူထုအပန်းဖြေရာ ပန်းခြံဖြစ်အောင်လုပ်ဖို့ အစီအစဉ်ရှိတာနဲ့အညီ ဆင်ဖြူကန်ကွင်း သာယာလှပအောင် လုပ်သွားမယ်။ ပြည်ထောင်စုနေ့အကြို သစ်သီးဝလံ၊ ပန်းမန်ပြပွဲအတွက် ပြင်ဆင်ခဲ့ပြီးနောက် သာယာလှပတဲ့ ပန်းဥယျာဉ်အဖြစ် ဆက်လက်ထားရှိတာပါ။ မြမာလာဥယျာဉ်လို့ အမည်ပေးထားတယ်။ အိမ်နောက်ဖေးဈေးဆိုင်တည်ဆိုသလို ဥယျာဉ်ထဲမှာ စားဖိုဆောင်သီးနှံစိုက်ခင်းလည်း ပါဝင်တယ်” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။
မြမာလာပန်းဥယျာဉ်သည် အလျားပေ ၆၈၀ ခန့်၊ အကျယ် ပေ ၁၁၀ ခန့်ရှိပြီး ဥယျာဉ်အတွင်း၌ ပန်းအလှပင်များဖြင့် စိုက်ပျိုးပုံဖော်ထားသည့် ပေ ၆၀ အကျယ် ပန်းဝိုင်းတစ်ခု၊ ပေ ၄၀ အကျယ် ပန်းဝိုင်း တစ်ခုနှင့် ပေ ၃၀ အကျယ် ပန်းဝိုင်းတို့ဖြင့် ရောင်စုံပန်းများ စိုက်ပျိုးကာ ဥယျာဉ်အလှကို ပုံဖော်ထားကြောင်း၊ ဥယျာဉ်အတွင်း နားနေရန် ထိုင်ခုံများဆောင်ရွက်ပေးထားသည့်အပြင် ပန်းဥယျာဉ်အဝင်/ အထွက်လမ်းများ ကောင်းမွန်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“မြမာလာပန်းဥယျာဉ်မှာ လူထုအပန်းဖြေအနားယူဖို့ သာယာလှပတဲ့ ရတနာပုံဥယျာဉ်လိုဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်။ ရောင်စုံပန်းအလှပင် တွေ အရိပ်ရအပင်တွေ ဖြည့်ဆည်းစိုက်ပျိုးမယ်။ နေ့စဉ် ရေလောင်းပေါင်းသင်တာ၊ ပန်းမန်သစ်ပင်တွေ ရှင်သန်ပွင့်ဖူးအောင် ဌာနက ဆောင်ရွက်သွားမှာပါ”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ တာဝန်ရှိသူက ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြို့တော်သန့်ရှင်းသာယာ လှပရေး၊ မြို့နေလူထု စိတ်ချမ်းသာမှုရှိစေရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး စည်ပင်သာယာနယ်နိမိတ်အတွင်း၌ လူထုအပန်းဖြေအနားယူနိုင်သည့် ရတနာပုံဥယျာဉ်၊ ကန်တော်ကြီးလူထုအပန်းဖြေဥယျာဉ်နှင့် မြမာလာဥယျာဉ်တို့အပြင် ကုသိုလ်တော်ဘုရားပန်းခြံ၊ ရှုခင်းသာပန်းခြံ၊ မဟာအောင်မြေပန်းခြံ၊ ချမ်းမြဝတီပန်းခြံစသည်တို့နှင့် ကမ်းနားလမ်းပန်းခြံ ခုနစ်ခုအပါအဝင် ၂၂ ခု ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)