Skip to main content

အာဆီယံ-ပါကစ္စတန် မီဒီယာကဏ္ဍပူးပေါင်းမြှင့်တင်ရေး ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

အာဆီယံနိုင်ငံများနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ပထမဆုံးအကြိမ်အဖြစ် မီဒီယာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အထိ ပါကစ္စတန်နိုင်ငံ၌ ပြုလုပ်သည်။

အဆိုပါအစီအစဉ်ကို ပါကစ္စတန်နိုင်ငံ ပြန်ကြားရေးနှင့်ရုပ်သံထုတ်လွှင့်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ အာဆီယံနိုင်ငံများမှ လုပ်သက်ရှစ်နှစ်အထက် သတင်းမီဒီယာသမား ၂၂ ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါကာလအတွင်း မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ မီဒီယာဖွံ့ဖြိုးမှုသင်တန်းကျောင်းများ၊ နိုင်ငံပိုင်မီဒီယာ များလေ့လာခြင်းနှင့် စီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းများဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် လေ့လာခြင်းအစီအစဉ်များ ပါဝင်သည်။

အဆိုပါအစီအစဉ်တွင် အာဆီယံမီဒီယာအဖွဲ့သည် ပါကစ္စတန်နိုင်ငံ၏ မီဒီယာကဏ္ဍပြုပြင် ပြောင်းလဲမှုများ၊ ဒစ်ဂျစ်တယ်မီဒီယာအသွင် ကူးပြောင်းမှုအခြေအနေများ၊ အာဆီယံနိုင်ငံအသီးသီးနှင့် ကုန်သွယ်မှု၊ ခရီးသွားလာမှုအခြေအနေများအပါအဝင် မြို့တော် အစ္စလာမ်မာဘတ်နှင့် မာရီမြို့၊ ဗုဒ္ဓရှေးဟောင်းအမွေအနှစ်နေရာဖြစ်သည့် တက္ကသီလာ ဒေသများသို့ သွားရောက်လေ့လာခဲ့ကြသည်။

အာဆီယံအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မီဒီယာအပြန် အလှန်ချိတ်ဆက်မှုသည်လိုအပ်ပြီး ယခုအကြိမ်သည် အာဆီယံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့် ပထမဆုံး အကြိမ် မီဒီယာဖလှယ်မှုအစီအစဉ်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အာဆီယံနိုင်ငံအသီးသီးမှ မီဒီယာများအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကိုရရှိလာနိုင်ပြီး ယဉ်ကျေးမှုအပါအဝင် ကဏ္ဍအသီးသီးတွင် သတင်းအချက်အလက်များ ပိုမိုရရှိလာနိုင်မည့် ပဏာမခြေလှမ်းပင်ဖြစ်ကြောင်း အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးဌာနမှ Ms. Wadia Librianti က ပြောကြားသည်။

အာဆီယံမီဒီယာအဖွဲ့သည် ပါကစ္စတန်နိုင်ငံ၏ သတင်းအချက်အလက် ဝန်ဆောင်မှုဆိုင်ရာ အင်စတီကျု၌ အာဆီယံ- ပါကစ္စတန် မီဒီယာ ဖလှယ်မှုဆိုင်ရာ နှစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပြီး သတင်းမီဒီယာကျွမ်းကျင်သူများနှင့် အတွေ့အကြုံများဖလှယ်ခြင်း၊ သတင်း အချက်အလက်တင်ဆက်၊ ထုတ်လွှင့်၊ ရေးသား၊ ဖော်ပြခြင်းဆိုင်ရာများ၊ သတင်းတု၊ သတင်းမှားများအန္တရာယ် စသည့်အကြောင်းအရာများကို ပါကစ္စတန်နိုင်ငံမှ တာဝန်ရှိသူများနှင့် အာဆီယံမီဒီယာများအကြား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့အတူ တပ်မတော်၏ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေးဌာနအပါအဝင် သတင်းနှင့်အသံလွှင့်ဌာန၊ သတင်းနည်းပညာအင်စတီကျု၊ Pakistan Electronic Media Regulatory Authority (PEMRA) စသည့်မီဒီယာများသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ခင်ရတနာ