နေပြည်တော် ဖေဖော်ဝါရီ ၂၆
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့၌ လိုင်စင်မဲ့ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မကွေးမြို့နယ်နှင့် နတ်မောက်မြို့နယ်တို့အတွင်း၌ တရားမဝင်အခြားသစ် ၁ ဒသမ ၅၆၈ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၁၉၁၂၂ ကျပ်) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၇၇၁၉၁၂၂ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာ ဗိုလ်ချုပ်လမ်း မီးပွိုင့်လမ်းဆုံ၌ လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်၊ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်သုံးစီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီ ၂၅ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် အေးမြသာယာလမ်းသွယ်ရှိ ဂိုဒေါင်တစ်လုံးအနီး၌ ရပ်တန့်ထားသော ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၂ မျိုး၊ လုပ်ငန်းသုံးပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၂၃၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Dong Feng Truck နှစ်စီး၊ Faw Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၂၃၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်နှင့် တမူးမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်နှစ်စီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ ယာဉ်ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး၊ လုပ်ငန်းသုံးပစ္စည်းငါးမျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၅၁၉၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး၊ Higer Bus တစ်စီး၊ Mitsubishi Fuso Truck နှစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၆၅၁၉၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မုံရွာမြို့သို့သွားရောက်မည့်ယာဉ်နှစ်စီးနှင့် မန္တလေးမြို့မှမူဆယ်မြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၅၅၃၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး၊ Mitsubishi Canter Truck တစ်စီး၊ Foton Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈၅၅၃၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အင်းစိန်မြို့နယ် ဗဟိုလမ်း ၅၀ ကွေ့ မီးပွိုင့်အနီး၌ လိုင်စင်မဲ့ Toyota Alphard ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် ရဲစုတောင်ရပ်ကွက် မြို့ရှောင်လမ်းအမှတ် (အေ-၁၉) ခြံဝင်းအတွင်း၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၁၉၂ ပီပါ၊ ဓာတ်ဆီပီပါ ၁၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇၅၉၂၀၀၀) ကို ရေနံနှင့်ရေနံ ထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇၀၉၂၀၀၀) ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်နှင့် ဖျာပုံခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ်သုည ဒသမ ၁၉၆ တန်၊ အခြားသစ် ၄ ဒသမ ၅၀၉ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၄၇၈၀၅၄ ကျပ်) ကို သိမ်းဆည်း ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံတိုင်ပေမြို့မှ မြန်မာနိုင်ငံသို့ လေယာဉ်ခရီးစဉ်အမှတ် (CI-7915/SF-1845) ဖြင့် လိုက်ပါလာသော တရုတ်နိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာအမှုတွဲ ၄၀ (ခန့်မှန်းတန်ဖိုးငွေ ၉၂၅၉၉၁၁၇၆ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးမတည်ငြိမ်မှုများနှင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်စေပြီး စားသုံးသူပြည်သူများအတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်