နေပြည်တော် ဖေဖော်ဝါရီ ၂၇
PDF အမည်ခံအကြမ်းဖက်အဖွဲ့က စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာရှိ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ပြီး ကိုရင်များဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများမောင်းနှင်လာသည့် Drone ယာဉ် ၁ စီးသည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာ၏ အရှေ့တောင်ဘက် အမြင့်မီတာ ၈၀၀ ခန့်အကွာမှ ပျံသန်းလာပြီး အဆိုပါကျေးရွာရှိ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ Drop Bomb များဖြင့် ဖြုတ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ကိုရင် ၂ ပါးနှင့် ပြည်သူ ၁ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သူများအား ကျေးရွာရှိ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အား ထောက်ခံမှုမရှိသည့် ကျေးရွာများကို Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဥပဒေမဲ့လုပ်ဆောင်မှုများကြောင့် အပြစ်မဲ့ဒေသခံ ပြည်သူများ၊ ရဟန်းသံဃာများ သေဆုံး၊ ဒဏ်ရာရရှိမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး ဒေသခံပြည်သူများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အလွန်စက်ဆုပ်ရွံရှာလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာတစ်ဝိုက်အား လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။