Skip to main content

ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲ နေထိုင်ရေးကို လေးစားလိုက်နာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ် ကေဗန်လာလ်ဗီနာဆိုသူက မြန်မာနယ်စပ်ကို ခြေကျင်ဖြတ်ကျော်ဝင်ရောက်ကာ လူမျိုးစုလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် တွေ့ဆုံပြီး အိန္ဒိယနှင့် ပေါင်းစည်းလိုခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်ဟု “သည်ဟင်ဒူ” သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ ထို့အပြင် အခြားမဏိပူရ လွှတ်တော်အမတ် တစ်ယောက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည်သိမ်းယူပြီး မဏိပူရပြည်နယ်ထဲထည့်သွင်းရန် မတ်လ ၁၀ ရက်က ကျင်းပသည့် အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်ဟု ဆိုသည်။

အထက်ပါသတင်းများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်နိမိတ်တို့အပေါ် လေးစားမှုမရှိကြောင်း အပြုအမူများကို ပြသခဲ့ကြသူများမှာ ပြည်နယ်လွှတ်တော်အမတ်အချို့သာလျှင် ဖြစ်သည်ကို တွေ့ရှိနိုင်သည်။ ညီအစ်မခုနစ်ဖော်ပြည်နယ်များဟု သိကြသည့် အိန္ဒိယအရှေ့မြောက်ဒေသ ပြည်နယ်ခုနစ်ခုတွင် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ထိစပ်နေသည့် ပြည်နယ်ငါးခုရှိပြီး နယ်စပ်ဒေသတို့၏ ထုံးစံအတိုင်း ဟိုဘက်နှင့်ဒီဘက် မျိုးနွယ်စုတူညီ သွေးသားတော်စပ်မှုများလည်း ရှိနေသည်။ အာသံ၊ မဏိပူရ၊ အရူနာချယ်ပရာ ဒက်ရှ်၊ နာဂလန်း၊ မီဇိုရမ်၊ တြိပူရ၊ မက်ဂလာယာ ပြည်နယ်တို့မှာ အိန္ဒိယပြည်မကြီးနှင့် ကြက်လည်ချောင်းစင်္ကြံခေါ် ဆယ်မိုင်ကျော်ကျယ်ဝန်း၍ မိုင်တစ်ရာကျော် ရှည်လျားသည့် လမ်းမြောင်တစ်ခုနှင့်သာဆက်သွယ်နေပြီး ပြည်မကြီးနှင့်ယှဉ်ပါက ဖွံ့ဖြိုးမှုနောက်ကျသည်။ အိန္ဒိယနိုင်ငံ၏ အရှေ့နှင့်အတူဆောင်ရွက်ရေးမူဝါဒ (East Act Policy)အရ အဆိုပါပြည်နယ်များဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းများရှိသည်။

ဂရုပြုရမည်မှာ အိန္ဒိယနှင့် မြန်မာတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်အတူ ၁၉၅၄ ခုနှစ် ဇွန်လတွင် ကနဦးလက်မှတ်ရေးထိုးခဲ့ကြသည့် နိုင်ငံများဖြစ်သည့်အလျောက် (၁)တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်မှုကို တစ်နိုင်ငံကလေးစားရန်၊ (၂) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုရန်၊ (၃) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန်၊ (၄) တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းရန်၊ (၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်ဟူသည့်အချက်များကို လေးစားလိုက်နာကြရခြင်းဖြစ်သည်။ တရုတ်၊ အိန္ဒိယနှင့် မြန်မာတို့က စတင်ခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကို ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံဘန်ဒေါင်းမြို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာညီလာခံတွင် အာရှ၊ အာဖရိက ၂၉ နိုင်ငံတို့က သဘောတူအတည်ပြု ကျင့်သုံးခဲ့ကြရာ ကမ္ဘာ့ငြိမ်းချမ်းရေးကို များစွာအထောက်အကူပြုခဲ့သည်။

ထို့အပြင် မြန်မာနှင့် အိန္ဒိယတို့မှာ ချစ်ကြည်ရင်းနှီးသော မိတ်ဆွေရင်းနိုင်ငံများဖြစ်ကြပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်နေသည့်အဖွဲ့အစည်းများ၊ အုပ်စုများကို မြန်မာ့မြေပေါ်၌ လက်ခံမထားသလို၊ မြန်မာနိုင်ငံကို ဆန့်ကျင်နေသည့်အဖွဲ့အစည်းများ၊ အုပ်စုများကို အိန္ဒိယမြေပေါ်၌ လက်ခံမထားစေလိုသည့် သဘောထားကိုလည်း နှစ်ဖက်လုံးက နားလည်လက်ခံထားရှိပြီးဖြစ်သည်။ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း လက်တွေ့အားဖြင့် များစွာရှိခဲ့သည်။ မဏိပူရနှင့် မီဇိုရမ်မှ နိုင်ငံရေးသမား လွှတ်တော်အမတ်များအနေဖြင့် မိမိတို့၏အပြုအမူများ၊ အပြောအဆိုများ၊ နိုင်ငံရေးထင်ပေါ်ကျော်ကြားလိုမှုများကြောင့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအပေါ် မလေးမစား၊ မဖွယ်မရာပြုရာမကျအောင် ဆင်ခြင်ကြရန် တိုက်တွန်းလိုက်ရပါကြောင်း။ ။