မြတ်ဗုဒ္ဓအခါတော်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့၌ ကာဠုဒါယီမထေရ်မြတ်က ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ကပိလဝတ်ရွှေမြို့တော်သို့ ကြွတော်မူရန် လျှောက်ထားသည့်နေ့ဖြစ်သည်။ တပေါင်းလသည် မပူလွန်း၊ မအေးလွန်းမျှတသောရာသီဥတုရှိသည့်ကာလဖြစ်သည်။ ဥဒေါင်းငှက်အပေါင်းတို့ ပျော်မြူးတွန်ကျူးသံ၊ တောပန်းတောင်ပန်းတို့ ဖူးပွင့်ဝေဆာရောင်စုံဖြာနေသော သဘာဝအလှနှင့်ပြည့်စုံသည့် တပေါင်းလသည် ဒေသစာရီကြွချီတော်မူရန် သင့်လျော်ပါကြောင်း ကာဠုဒါယီက ဂါထာပေါင်း ၆၄ ဂါထာဖြင့် ချီးမွမ်းလျှောက်ထားခဲ့သည်။
မြတ်ဗုဒ္ဓကို ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ဆွေတော်မျိုးတော်အပေါင်းတို့က ဖူးမြော်ခွင့်ရရန် မျှော်လင့်နေကြသည့်အချိန်ဖြစ်သည်။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်ကို မြတ်ဗုဒ္ဓကလက်ခံတော်မူ၍ တပေါင်းလပြည့်ကျော်တစ်ရက်နေ့တွင် ရဟန္တာနှစ်သောင်းခြံရံကာ ရာဇဂြိုဟ်မြို့မှ စတင်ထွက်ခွာခဲ့သည်။ ကပိလဝတ်ပြည်နှင့် ရာဇဂြိုဟ်ပြည်သည် ယူဇနာ ၆၀ ကွာဝေးသည်။ မြတ်စွာဘုရားသည် တစ်နေ့လျှင် တစ်ယူဇနာခရီး ကြွတော်မူခဲ့ရာ ရက်ပေါင်း ၆၀ ပြည့်သည့် မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်ကျော် တစ်ရက်နေ့တွင် ကပိလဝတ်ရွှေမြို့တော်သို့ ဆိုက်ရောက်တော်မူသည်။
ကပိလဝတ်ရွှေမြို့တော်သို့ မြတ်ဗုဒ္ဓနှင့် ရဟန္တာနှစ်သောင်းကြွရောက်၍ သီတင်းသုံးသဖြင့် သာသနာဝင်သမိုင်းတွင် ကပိလဝတ်ပြည်သည် တတိယမြောက် သာသနာတော်ထွန်းကားရာဒေသဖြစ်လာသည်။ ပထမသာသနာတော်ထွန်းကားရာဒေသမှာ ဗာရာဏသီပြည်ဖြစ်ပြီး ဒုတိယသာသနာတော်ထွန်းကားရာဒေသမှာ ရာဇဂြိုဟ်ပြည်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ သာသနာတော်သည် မဇ္ဈိမတိုင်းကိုဗဟိုပြု၍ ထွန်းကားစည်ပင်ခဲ့သည်။ ရာဇဂြိုဟ်မြို့တော်တွင် ဝေဠုဝန်ကျောင်းတော်ကြီးပေါ်ထွန်းသကဲ့သို့ ကပိလဝတ်ပြည်တွင်လည်း နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာသဖြင့် ရဟန်းတော်များသီတင်းသုံးတော်မူရာ ပြည်သူပြည်သားများ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုတို့ကို စိတ်ဆန္ဒရှိတိုင်း ဆောင်ရွက်ခွင့်ရလာသည်။
ထို့နောက် မြတ်စွာဘုရားသည် သာကီဝင်မင်းတို့၏ ဇာတိမာန်ကို နုတ်ပယ်နိုင်ရန် ပေါက္ခရဝဿမိုးကို ရွာသွန်း၍ တန်ခိုးပြတော်မူသည်။ အမျိုးအနွယ်ထက် သီလ၊ သမာဓိ၊ ပညာအကျင့်မြတ်ကို တန်ဖိုးထားရန်၊ အကျင့်မြတ်နှင့်ပြည့်စုံသော ရဟန်းသံဃာတို့ကို ရိုသေလေးစားရန်ဆုံးမတော်မူခဲ့သည်။ ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့သည်။ မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားတော်မူသောအခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးမှာ အနာဂါမ်ဖြစ်လာသည်။ မိထွေးတော်ဂေါတမီမှာ သောတာပန်ဖြစ်လာသည်။ ယသောဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်ကို ဟောကြားတော်မူသည်။
ဇနပဒကလျာဏီ၏ ကြင်ရာလောင်း နန္ဒမင်းသား ရဟန်းဖြစ်လာသည်။ သားတော်ရာဟုလာကို ဓမ္မအမွေခံယူနိုင်ရန် ရှင်သာမဏေပြုစေသည်။ သာကီဝင်မင်းသားတစ်ထောင် ရဟန်းဖြစ်လာသည်။ ရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်ဖြင့် ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောတော်မူသည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ကပိလဝတ်ပြည်သူပြည်သားတို့၏ မြတ်စွာဘုရားကို ဖူးမြော်လိုသောဆန္ဒ ပြည့်ဝအောင်ဆောင်ရွက်ပေးခြင်း၊ ဆွေတော်မျိုးတော်တို့နေရာ ကပိလဝတ်ပြည်တွင် သာသနာတော်ပွင့်ထွန်းစေရန် စွမ်းဆောင်နိုင်ခြင်းတို့ကြောင့် ကာဠုဒါယီမထေရ်မြတ်ကို မြတ်စွာဘုရားက “ကုလပ္ပသာဒဧတဒဂ်”ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။
တပေါင်းလပြည့်နေ့တွင် ကာဠုဒါယီမထေရ်မြတ်က ဆွေတော်မျိုးတော်တို့နေထိုင်ရာ ကပိလဝတ်ပြည်သို့ ဒေသစာရီကြွချီတော်မူရန် လျှောက်ထားတောင်းပန်ချက်အရ ဆွေတော်မျိုးတော်အားလုံး၏ဘဝ သန့်ရှင်းစင်ကြယ်ပြီး ဘဝလမ်းမှန်သို့ ရောက်ရှိခဲ့သည်။ ထေရဝါဒဗုဒ္ဓဘာသာသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ဘဝလမ်းပြမြတ်ဓမ္မဖြစ်စေသည်။ လူတစ်ဦးချင်းမှစ၍ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် လိုအပ်သော စားဝတ်နေရေးကိစ္စလုပ်ဆောင်ရာတွင် အကုသိုလ်မဖြစ်၊ ကုသိုလ်ဖြစ်အောင် ဘဝလမ်းကိုညွှန်ပြပေးသည်။ စားရေး၊ ဝတ်ရေး၊ နေရေး၊ ထိုင်ရေးနှင့် ပြောဆိုဆက်ဆံရာ၌ ယဉ်ကျေးသိမ်မွေ့စေရန် ဘဝလမ်းပြမြတ်ဓမ္မက သွန်သင်ညွှန်ပြပေးတော်မူခဲ့သည်။
မြန်မာလူမျိုးတို့အား ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ စင်ကြယ်ကြံ့ခိုင်ကာ အဆင့်အတန်းမြင့်၍ ကမ္ဘာ့အလယ်၌ ပွဲလယ်တင့်စေရန်၊ လောကီ၊ လောကုတ္တရာနှစ်ဖြာ ဌာနစလုံး၌ ကောင်းကျိုးဖြစ်ထွန်းစေရန် ညွှန်ပြပေးသည့် အဆိုပါဘဝလမ်းပြ မြတ်ဓမ္မသည် မြန်မာလူမျိုးများ၏ နှလုံးသားများထဲသို့ ဗုဒ္ဓအခါတော်နေ့များမှ တစ်ဆင့် စီးဝင်ရောက်ရှိစေပါသည်။ သို့ဖြစ်ရာ ဘဝလမ်းပြမြတ်ဓမ္မစီးဆင်းရာ လမ်းကြောင်းဖြစ်သည့် အခါတော်နေ့များ တိမ်ကောပျောက်ကွယ်ခြင်းမရှိအောင် ထိန်းသိမ်းရမည့်တာဝန်သည် ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအပေါင်းတို့၏ သမိုင်းပေးတာဝန်ဖြစ်ပါကြောင်း။ ။