Skip to main content

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၁၀

မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြီးမြောက်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ကျေးဇူးတင်ဂုဏ်ပြုအမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain၊ စစ်သံမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တက်ရောက်လာကြသူများသည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် စာနာနားလည်မှုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်စွာ ရပ်တန့်၍ ဦးညွှတ်ဂါရဝပြုကြသည်။

ဂုဏ်ပြုအမှာစကားပြောကြား

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများ များစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ မြေငလျင်လှုပ်ခတ်ခြင်း၏ နောက်ဆက်တွဲအဖြစ် ယနေ့အချိန်အထိ ၁၁၂ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း။

ထိုသို့ မြေငလျင်လှုပ်ခတ်မှုများကြောင့် နိုင်ငံတစ်ဝန်းတွင် လူနေအိမ်စုစုပေါင်း ခြောက်သောင်းကျော်၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃၅၁၄ ကျောင်း၊ စာသင်ကျောင်း ၂၃၆၆ ကျောင်း၊ ဌာနဆိုင်ရာရုံး/ အဆောက်အအုံ ၃၆၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့ပြင် တံတားပေါင်း ၁၅၅ စင်း၊ ဘုရားစေတီ ၅၆၂၀ ဆူ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းအထိ သေဆုံးသူ ဦးရေ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိသူဦးရေ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးသူဦးရေ ၁၄၅ ဦးရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်မှ ဧပြီ ၉ ရက်အထိ မြန်မာနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် နိုင်ငံတကာမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လူဦးရေ ၆၅၃ ဦးအား အသက်ရှင်လျက်ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံး သူ ၇၁၈ ဦးတို့အား ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေး

ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများတွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များဖြင့် ဆောင်ရွက်ပေးခြင်းအပြင် နိုင်ငံတကာမှ ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးအထောက်အကူပြုအဖွဲ့များနှင့် ဆေးအဖွဲ့များကို စေလွှတ်ပြီး ဆောင်ရွက်ပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတော်အစိုးရနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်း မြေငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ကြရသည့် ပြည်သူများကိုလည်း သွားရောက်တွေ့ဆုံပြီး စိတ်ဓာတ်ခွန်အားပေး၍ လိုအပ်သောကူညီထောက်ပံ့ပေးမှုများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် Colonel Shamim Iftakhar နှင့် Colonel Nasir တို့ ဦးဆောင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ကူညီ ထောက်ပံ့ရေးအဖွဲ့များ၊ ဆေးအဖွဲ့များ၊ Structure Engineer အဖွဲ့များပါဝင်သည့် စုစုပေါင်းအင်အား ၅၅ ဦးတို့သည် ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာအမျိုးအစား ၆၉ မျိုးတို့နှင့်အတူ ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီအချိန် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရကြောင်း။

ကျန်းမာရေးစောင့်ရှောက်မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Colonel Nasir ဦးဆောင်သည့်ဆေးအဖွဲ့ကလည်း ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်တွင် နေပြည်တော်သို့ ရောက်ရှိချိန်မှစ၍ ဧပြီ ၃ ရက်အထိ နေပြည်တော် ကလေးအထူးကုဆေးရုံကြီးတွင် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီ ၄ ရက်မှစ၍ ဇမ္ဗူသီရိမြို့နယ်ဆေးရုံတွင် အခြေပြု၍လည်းကောင်း၊ ပျဉ်းမနားမြို့နယ်တွင်လည်း ရွေ့လျားဆေးခန်းအနေဖြင့်လည်းကောင်း၊ ပြည်သူ့ဆေးရုံ၊ လယ်ဝေးမြို့နှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) တွင်လည်း ခွဲစိတ်ကုသမှုများ၌လည်းကောင်း မြန်မာနိုင်ငံမှ အရေးပေါ်ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် အကြီးစားခွဲစိတ်မှုလေးခုအပါအဝင် လူနာပေါင်း ၅၂၇ ဦးကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်ကို တွေ့ရကြောင်း။

အလားတူ Colonel Shamim Iftakhar ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၃ ရက်တွင်လည်း ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ဓနသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၁၃၃၈ တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းပြီး အဆောက်အအုံအတွင်း ပိတ်မိ/ ပိမိနေသည့် ပျောက်ဆုံးနေသူအား ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ အဆိုပါနေရာတွင် သေဆုံးသူတစ်ဦးကို တွေ့ရှိရသည့်အတွက် နံရံနှင့် ကွန်ကရစ်ကြမ်းခင်းပြားများကို ခက်ခက်ခဲခဲထိုးခွဲဖွင့်ဖောက်ဖြတ်တောက်ပြီး သေဆုံးသူ၏ အသက်မဲ့ခန္ဓာကိုယ်ကို ထုတ်ယူပေးနိုင်ခဲ့သည့်အတွက် မိသားစုများကိုယ်စားကျေးဇူးအထူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း။

ဧပြီ ၄ ရက် နံနက်ပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အင်ဂျင်နီယာအဖွဲ့အနေဖြင့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် ဗဟိုမီးသတ်စခန်း (နေပြည်တော်) အဆောက်အအုံ၏ အန္တရာယ်ရှိသည့် အစိတ်အပိုင်းများ ရှင်းလင်းဖြိုချဖျက်ဆီးခြင်းကိုလည်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်အကြံဉာဏ်များ ပေးခဲ့မှုကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။

အကျိုးကျေးဇူး များစွာရရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် နီပေါနိုင်ငံနှင့် တူကီယဲနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုဖြစ်စဉ်များတွင် သွားရောက်ကူညီပေးခဲ့ကြသည့် အတွေ့အကြုံကောင်းများစွာရှိသည့် အဖွဲ့တစ်ခုဖြစ်သည်ကိုလည်း သိရှိရကြောင်း၊ အဆိုပါအတွေ့အကြုံများဖြင့် ပြိုကျအဆောက်အအုံအတွင်း ပိတ်မိ/ ပိမိသူများ၊ အသက်ရှင်နေသူများနှင့် သေဆုံးနေသူများကို ရှာဖွေနိုင်ကယ်ထုတ်နိုင်ရုံသာမက ထပ်မံပြိုကျနိုင်သည့် အဆောက်အအုံအခြေအနေများကိုလည်း အကြံပြုကူညီပေးခဲ့သဖြင့် မိမိတို့အတွက် အကျိုးကျေးဇူးများ များစွာရရှိခဲ့ပါကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ဆေးဘက်ဆိုင်ရာကုသမှုပေးနိုင်သည့် အတွေ့အကြုံရင့်ကျက်သည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သောကြောင့် မြန်မာနိုင်ငံကို လာရောက်ကူညီဆောင်ရွက်ပေးခဲ့မှုများအပေါ် များစွာအားရကျေနပ်မိပါကြောင်းနှင့် ကျေးဇူးအထူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း။

ယခုကဲ့သို့ အိမ်နီးချင်းကောင်းမိတ်ဆွေကောင်းပီသစွာဖြင့် မည်သည့်နှောင်ဖွဲ့မှုမျှ မရှိဘဲလူသားချင်းစာနာထောက်ထားမှုစိတ်ထား၊ ကိုယ်ချင်းစာစိတ်ထားအပြည့်အဝဖြင့် မိမိတို့နိုင်ငံရှိ ငလျင်ဘေးဒုက္ခရောက်ရှိကြရသည့် ပြည်သူများအပေါ် အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ပေးခြင်း၊ Mobile Clinic ဖြင့် ဆေးကုသပေးခြင်းတို့အတွက် စေလွှတ်ပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ၊ လာရောက်ကူညီကယ်ဆယ်ပေးခဲ့ကြသည့် Colonel Shamim Iftakhar နှင့် Colonel Nasir တို့ ဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့နှင့် ဆေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain နှင့် သံရုံးအဖွဲ့ဝင်များအားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရအဖွဲ့ကိုယ်စား၊ အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုယ်စား၊ ငလျင်ဘေးဒဏ်ခံစားရသောပြည်သူများနှင့် မိသားစုများကိုယ်စား အထူးပင်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ပြည်သူများအားလုံးက ကူညီဆောင်ရွက်ပေးခဲ့မှုများအတွက် အမြဲပင်အမှတ်ရနေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့် ရှောက်မှုအဖွဲ့တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ရာ အဖွဲ့များကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူကြသည်။

အခမ်းအနားအပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

အဆိုပါ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဧပြီ ၁၁ ရက်တွင် ရန်ကုန်မြို့သို့ မြန်မာနိုင်ငံနှင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ လာရောက်ပို့ဆောင်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်ရေယာဉ်တစ်စင်းနှင့်အတူ ဧပြီ ၁၃ ရက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်