Skip to main content

နိုင်ငံရေးပါတီများက ငလျင်ဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် ဧပြီ ၁၀

မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် နိုင်ငံရေးပါတီ ၂၅ ပါတီက စုပေါင်း၍ အလှူငွေကျပ် သိန်း ၁၀၀ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ လှူဒါန်းသည့် နိုင်ငံရေးပါတီ ၂၅ ပါတီမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် လှူဒါန်းသည့် နိုင်ငံရေးပါတီ ၂၅ ပါတီမှ ကိုယ်စားလှယ်များက ငွေကျပ် သိန်း ၁၀၀ အား ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

လာရောက်စုပေါင်းလှူဒါန်းသည့် နိုင်ငံရေးပါတီ ၂၅ ပါတီမှာ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး)၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ‘ဝ’ အမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့ဖြစ်ပြီး ဧပြီ ၇ ရက်က အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ(NIDP)မှ ငွေကျပ်သိန်း ၈၀ တန်ဖိုးရှိ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ငါး သေတ္တာ၊ ဆီ၊ ခေါက်ဆွဲ၊ အာလူး၊ ကြက်သွန်ဖြူ/နီ၊ လက်ဖက်၊ အကြော်စုံ၊ ခေါက်ဆွဲ၊ ကြာဆံ၊ သောက်ရေသန့်၊ ယိုးဒယားမုန့် မျိုးစုံနှင့် အခြားအသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း၊ ဧပြီ ၈ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ငွေကျပ်သိန်း ၈၀ တန်ဖိုးရှိ ဆန်လေးပြည်အိတ် ၂၅၀၊ ဆီ ၅၀ ကျပ်သားဘူး ၂၅၀၊ ရေသန့် (တစ်လီတာ) ဘူး ၂၅၀ တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်