Skip to main content

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၁၀

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌဦးဆောင်၍ လုပ်ငန်းအဖွဲ့ဝင်များဖြင့် အာရှပစိဖိတ်ဒေသပူးတွဲအဖွဲ့ (APJG) မျက်နှာချင်းဆိုင်အစည်းအဝေးတက်ရောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် Video Conferencing ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၁၄) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် APJG မှ အကဲဖြတ်သူများ၏ ထပ်မံမေးမြန်းအကြံပြုချက်များကို ပြန်လည်ရှင်းလင်းဖြေကြားနိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များနှင့် ထပ်မံဖြည့်စွက်ဖြေကြားရမည့် အချက်အလက်များကိုလည်းကောင်း၊ ဧပြီ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည့် APJG မျက်နှာချင်းဆိုင်အစည်းအဝေးသို့ Online ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

ရှင်းလင်းဖြေကြား

ယင်းနောက် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက APJG မျက်နှာချင်းဆိုင်အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ယခုကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်အခက်အခဲကာလအတွင်း၌ပင် AML/CFT လုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံရေးအရ အရာရှိကြီးများ၏ စိတ်အားထက်သန်မှု (Political Will) နှင့် သန္နိဋ္ဌာန်ချမှတ်ထားမှု (Political Commitment) တို့ကို ပြသနိုင်ပါက ပိုမို‌ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ လုပ်ငန်းအဖွဲ့အတွင်းရေးမှူးက (၁၄) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် APJG မှ အကဲဖြတ်သူများ၏ ထပ်မံမေးမြန်းအကြံပြုချက်များကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဖြေကြားနိုင်သည့် အချက်အလက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်