နေပြည်တော် ဧပြီ ၁၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငါးပိနှင့်ကုန်မျိုးစုံဈေးကားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၁၂ ရက်မြောက်နေ့အဖြစ် ဈေးကားခုနစ်စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရသည်။
မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိဆေးရုံဝန်ထမ်းအိမ်ရာများ၊ ခရေအိမ်ရာ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ နေပြည်တော်ကောင်စီဝန်ထမ်းအိမ်ရာရှိ ဝန်ထမ်းများအား ဆန်ခြောက်ပြည်ဆံ့ (မနောသုခ-Export Quality) ၈၂၂၅ အိတ်၊ ဆန် ငါးပြည်ဆံ့ (ဖျာပုံပေါ်ဆန်း) အိတ် ၁၈၃၀ ၊ ဆီပိဿာ ၁၈၉၅၀၊ ဆား ၅၀ ကျပ်သားပါအိတ် ၁၇၀၀၊ ဆား ၂၅ ကျပ်သားပါ ၃၄၇၁အိတ် ၊ ငါးပိ ၂၀ ကျပ်သားပါဘူး ၁၀၄၀၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၃၉၅၀၊ ခေါက်ဆွဲခြောက်အထုပ်များကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးမည်ဖြစ်သည်။
အလားတူ မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ဆံ့ (မနောသုခ) ၃၅၂ အိတ်၊ စားအုန်းဆီ ပိဿာ ၂၄၂၀၀ ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ကြောင်းနှင့် စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ဆံ့ (ရွှေဝါထွန်း) ၂၀၆ အိတ်၊ စားအုန်းဆီ ၃၁၃၃ ပိဿာ၊ ကြက်ဥအလုံး ၄၃၆၀ ၊ ကြက်သွန်နီ ပိဿာ ၄၅၀ ၊ အသားတု ၁၅ ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး ရေသန့်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်