Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားတက်ရောက်ပြီး ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဧပြီ ၁၁

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုကဏ္ဍများ တိုးတက်ရေးကို အထောက်အကူဖြစ်စေမည့်လုပ်ငန်းစီမံကိန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးနှင့် စီမံကိန်းအသုံးစရိတ်များ စနစ်တကျ ထိရောက်စွာစီမံခန့်ခွဲနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်စီမံကိန်းဦးစီးရုံး ညွှန်ကြားရေးမှူးဦးဝင်းကိုက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များမှ လယ်ယာကဏ္ဍကြီးစီမံကိန်းရည်မှန်းချက်များကို နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနသို့လည်းကောင်း၊ အခြားကဏ္ဍကြီးများနှင့် ခရိုင်အလိုက် စီမံကိန်းရည်မှန်းချက်များကို နေပြည်တော်ကောင်စီဝင်များကလည်းကောင်း တာဝန်ပေးအပ်ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး ဆည်ရေသောက်စနစ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် တူးမြောင်းများကို အမြန်ဆုံးပြန်လည် ပြုပြင်ပြီး အပိုင်းအလိုက် စိုက်ပျိုးရေ အမြန်ဆုံးပေးဝေနိုင်ရေး၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျိုးပင်များ ပျက်စီးမှုများအတွက် အမြန်ဆုံး ပြန်လည်ဖာထေးပေးနိုင်ရေး၊ အထွက်နှုန်းလျော့ကျမှုမရှိစေရေး၊ စိုက်ပျိုးပြီးဖြစ်သည့် သီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေး၊ လယ်ကွင်းများအတွင်း စိုက်ပျိုးရေအမြန်ဆုံး ပြန်လည်ရရှိရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇသင်္ဂဟ လမ်းနှင့် တော်ဝင်ရတနာလမ်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဇမ္ဗူသီရိမြို့နယ် ရေသန့်စင်စက်ရုံ အမှတ်(၁)ရှိ မြို့ရေပေးဝေရေးရေပိုက်လိုင်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မြို့တော်ခန်းမအဆောက်အအုံအတွင်း၊ အပြင် ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)