Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း မန္တလေးမြို့ရှိ ဆေးနှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဧပြီ ၁၁

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် မန္တလေးမြို့ရှိဆေးနှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ်များတွင် သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာတက္ကသိုလ်နှင့် သင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများနှင့်ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တက္ကသိုလ်များ၊ ကျောင်းများရှိ အဆောက်အအုံများ ဆက်လက်အသုံးပြုရန် သင့်မသင့်ကို သက်ဆိုင်ရာမှ အဆောက်အအုံစစ်ဆေးသည့် အင်ဂျင်နီယာအဖွဲ့များ၏ ညွှန်ကြားချက်များနှင့် အညီ စစ်ဆေးမှုခံယူပြီး ထောက်ခံချက်များရမှသာ လိုအပ်သလိုပြင်ဆင်၍ အသုံးပြုရမည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယာယီစခန်းများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများအတွက် မိုးမကျမီအမိုးအကာ အောက်ရောက်ရှိရေးအတွက် လိုအပ်သည့် အဆောက်အအုံများ အချိန်မီဆောက်လုပ်ပေးရန် လိုအပ်ပါကြောင်း၊ ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းများ အချိန်မီပြန်လည်ဖွင့်လှစ်ရေးနှင့် စာသင်ကြားမှုများမထိခိုက်စေရန်နှင့်သင်ကြား၊ သင်ယူမှုလုပ်ငန်းများ အဆင်ပြေစေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးရုံများတွင် တာဝန်ထမ်းဆောင်သည့် အလုပ်သင်ဆရာဝန်များ၊ သူနာပြုများ၏ သင်ကြား၊ သင်ယူမှုအဆင်ပြေစေရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ လုံခြုံရေးစသည်ဖြင့် အရာရာအဆင်ပြေစေရေး ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက် သက်ဆိုင်ရာ ဆေးနှင့်ဆေးပညာ နှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများကမိမိတို့ တက္ကသိုလ်အလိုက်၊ သင်တန်းကျောင်းအလိုက်လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ထမ်းမိသားစုများနှင့် လူနာများအတွက် ဦးအောင်ဇော်မြင့်(ဥက္ကဋ္ဌ၊ ရွှေဝါလင်းကုမ္ပဏီ)နှင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ သီရိပျံချီ ဒေါက်တာ မြတ်မြတ်အုန်းခင်၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) မိသားစုတို့က ငွေကျပ်သိန်း ၁၀၀နှင့် TTO Pharm Co.,Ltd. က ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခြင်းကို လက်ခံသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်