နေပြည်တော် ဧပြီ ၁၁
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့်သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Air China လေကြောင်းမှ လေယာဉ်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိသည်။
အဆိုပါလေယာဉ်ဖြင့် ခြင်ထောင်များ၊ မိုးကာစများနှင့် လူသုံးကုန်၊ စားသောက်ကုန်များ စုစုပေါင်း ၁၄၅၆၂ ထုပ်၊ ၉၀၈၉၃ ကီလိုဂရမ်ပါရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိစဉ် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Economic & Commercial Counsellor ဖြစ်သူ Mr.Ou Yang Daobing နှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။
ဆက်လက်၍ ဘရူနိုင်းနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် ဘူရူနိုင်းတပ်မတော် လေယာဉ်သည် ယနေ့ညနေ ၃ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာရာ ယင်းလေယာဉ်ဖြင့် အထောက်အကူပြုပစ္မည်းများဖြစ်သည့် ဆိုလာမီးအိမ်များ၊ အိပ်ရာလိပ်များ၊ စောင်များ၊ မိုးကာစများ စုစုပေါင်း အလုံး ၁၀၈၀ ၊ ၂၇၄၉ ကီလိုဂရမ်ပါရှိပြီး ရန်ကုန်မြို့သို့ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။
အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး၏ ကြီးကြပ်မှုဖြင့် နေပြည်တော်သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်